
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တရားဝင် အထောက်အထား စာရွက်စာတမ်း တစုံတရာ ထုတ်ပေးရေး စုပေါင်းတောင်းဆိုနေကြတဲ့ လူထုသဘောထားစစ်တမ်းကို ကောက်ယူခဲ့ရာ ၃ ရက်အတွင်း ပါဝင်လက်မှတ်ရေးထိုးသူ ၁ ဒသမ ၂ သန်းကျော်အထိ ရှိလာပြီလို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ လူထုသဘောထားစစ်တမ်းကို နိုဝင်ဘာ ၁ ရက်က စတင်ကောက်ယူခဲ့ပြီး နိုဝင်ဘာ ၃ ရက်အထိ ပါဝင်သူ စုစုပေါင်း ၁,၂၄၆,၈၂၇ ယောက်အထိ ရှိခဲ့ကြောင်း၊ လာမဲ့ နိုဝင်ဘာ ၈ ရက် တနင်္ဂနွေည ၁၂ နာရီအထိ စစ်တမ်းကို ဆက်လက်ကောက်ယူသွားမှာဖြစ်ပြီး လုပ်သားထုတရပ်လုံး ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ ကော်မတီက တိုက်တွန်းထားပါတယ်။
၃ ရက်အတွင်း အဲဒီလို ကောက်ယူရရှိထားတဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံ ထုတ်ပြန်ကြေညာသွားမဲ့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆီကို ဆက်လက်ပေးပို့ တင်ပြသွားမှာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိတို့ ရှာဖွေရရှိထားတဲ့ ချွေးနှဲစာ ငွေကြေးတွေကို အခွန်အခ၊ ငွေလွှဲပို့တာ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နဲ့ နိုင်ငံကူးလက်မှတ် (Passport) လုပ်ငန်းစဉ်တွေကနေတဆင့် မတရားရယူကာ ပြည်တွင်းရှိ မိသားစုတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်စေဖို့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ရှုထောင့်ကနေ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ဒီလူထုလှုပ်ရှားမှုမှာ လုပ်သားထုရဲ့ စုပေါင်းအင်အားကို ကိုင်စွဲပြီး ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုအတွက် ရဲရင့်ပြတ်သားစွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ MMWRCCT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁ ရက်ကလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ စစ်အာဏာရှင်ရဲ့ ဝင်ငွေရပေါက်တခုဖြစ်တဲ့ CI စခန်းတွေ ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့ (Bright Future) ရဲ့ ခေါင်းဆောင် ဝီရဆဲန်ထောင် ဟာ ထိုင်းမျိုးချစ်အဖွဲ့ဝင်တချို့ရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကို ခံခဲ့ရပြီးနောက် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC) ထံ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ သွားရောက် တိုင်ကြားထားပါတယ်။
မောရစ်











