
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ အောက်နိုဘာ ၁၁ ရက် နေ့လယ်က စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်သာယာ–အမှတ် ၂ ရပ်ကွက်မှာ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ အမျိုးသားတဦးကို အမည်မသိသေနတ်သမား နှစ်ဦးက ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ သေနတ်ကိုင်ထားတဲ့ လူနှစ်ဦးရောက်လာတယ်။ ကောင်တာထိုင်ပြီး ရောင်းနေတာကို သေနတ်နဲ့ပစ်ပြီး ပြန်ထွက်သွားတာ။ ဘာကြောင့်ပစ်လဲတော့ မသိရဘူး၊ ခေါင်းကို ပစ်သွားတာ” လို့ ပြောပါတယ်။
အမည်မသိ သေနတ်သမား နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကိုဖက်တီး စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မြင့်သိန်း (ခ) ကိုဖက်တီးဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ အခင်းဖြစ်ရာနေရာမှာ သေဆုံးသွားခဲ့တာပါ။
ကိုဖက်တီး စားသောက်ဆိုင်ပိုင်ရှင် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ လူသတ်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှု၊ လုယက်မှု လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။