
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ အရပ်သားဈေးသည်တဦးကို အမည်မသိ ဆိုင်ကယ်သမားတွေက သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်မှာ ဒေသတွင်း ဆိုင်ကယ်နဲ့ အချဥ်ပေါင်း လိုက်လံရောင်းချသူ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကိုသန်းမင်းထိုက် ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “လောလောဆယ် သူ့ကို လုံးခင်းသုသာန်မှာပဲ ထားထားပါတယ်။ မိသားစုကိုလည်း အသိပေးပြီးသွားပါပြီ၊ သေဆုံးသူက သာမန်ဈေးသည်တဦးပါ။ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရပါဘူး။ ရဲနဲ့ စစ်တပ်ကတော့ လာသွားပါပြီ၊ ဘာမှတော့ မပြောပါဘူး။ အခင်းဖြစ်ပွားရာ နေရာနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးတာမျိုးလည်း မရှိဘူး။ ဒီနေရာတွေက အရင်တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုသန်းမင်းထိုက်ဟာ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာ ရပ်ကွက် (၁) ထဲက ရေတွင်းပျက်(ဒေသအခေါ်)နားမှာ နားထင်ကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူရဲ့ဘေးမှာ ၉-မမ ကျည်ခွံ ၆ ခု တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် အခုဖြစ်စဥ်ကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကလည်း လုံးခင်းကျေးရွာအုပ်စုထဲက စွန့်ပစ်မြေစာပုံတခုမှာ ရေခဲချောင်းရောင်းချသူ ၁ ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။