
အစ္စရေးဟာ ကြိုတင်သတိပေးခြင်းမရှိဘဲ ဆက်တိုက်ခိုက်နေရင် ဖမ်းထားတဲ့ သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ ခြိမ်းခြောက်ထားပါတယ်။
အရပ်ဘက် နေအိမ်တွေကို ကြိုတင်သတိမပေးဘဲ လုပ်ခဲ့တဲ့ အစ္စရေး ဗုံးခွဲတိုက်ခိုက်မှုတိုင်းအတွက် တုံ့ပြန်တဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ အစ္စရေးအရပ်သားတွေကို စတင်ကွပ်မျက်တော့မှာဖြစ်ကြောင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါက ပြောကြားခဲ့ပါတယ်။
သူတို့ဟာ အစ္စရေးသုံ့ပန်းတွေကိုလည်း အစ္စလာမ့်ညွှန်ကြားချက်တွေနဲ့အညီ ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
အစ္စရေးရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ သတိပေးခြင်းမရှိဘဲ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိုယ့်အိမ်ထဲကိုယ် နေနေကြတဲ့ အရပ်သားတွေ သေဆုံးရမှုတွေအတွက် အစ္စရေးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။
“ဒီအချိန်ကစပြီး သူတို့ရဲ့နေအိမ်တွေမှာ ဘေးကင်းလုံခြုံစွာ နေ,နေကြတဲ့ ငါတို့ပြည်သူတွေအပေါ် အရင် သတိမပေးဘဲ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတိုင်းအတွက် ကြေညာလိုက်တာဖြစ်ပြီး ကံမကောင်းစွာနဲ့ဘဲ ဓားစာခံ ဖမ်းမိထားတဲ့ အရပ်သား ရန်သူသုံ့ပန်းတွေထဲက တယောက်ကို သေဒဏ်ပေးရမှာပဲ” လို့ သူက ပြောပါတယ်။
ဒါကိုလည်း ဗီဒီယိုဖိုင်၊ အသံဖိုင်တွေနဲ့ ထုတ်လွှင့်သွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို တာဝန်ယူကြောင်းနဲ့ တကမ္ဘာလုံးရဲ့ ရှေ့မှောက်မှာ၊ ဇီယွန်ဝါဒီ ရန်သူနဲ့ သူ့ခေါင်းဆောင်တွေ ရှေ့မှောက်မှာ ကြေညာလိုက်တဲ့ ဒီဆုံးဖြတ်ချက်အတွက် သူတို့တွေမှာ တာဝန်ရှိတယ်လို့လည်း အဘူ အူဘိုက်ဒါက ပြောပါတယ်။
ဟားမတ်စ် သေနတ်သမားတွေဟာ စနေနေ့က ဂါဇာကမ်းမြောင် ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်ကာ ဓားစာခံ ဒါဇင်ပေါင်းများစွာကို ကမ်းမြောင်ဒေသကို ပြန်လည်ခေါ်ဆောင်သွားခဲ့တာပါ။ အစ္စရေးကလည်း ဂါဇာကမ်းမြောင်ကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters










