၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ အီဂျစ်နိုင်ငံတို့က ကြိုတင်သတိပေးခဲ့တယ်လို့ အမေရိကန်သတင်းစာကြီးတွေက ဖော်ပြပါတယ်။
၂၀၂၃ စက်တင်ဘာလနှောင်းပိုင်းမှာ ဟားမတ်စ်က အကြီးစားတိုက်ခိုက်မှုတခု စီစဉ်နေတယ်ဆိုတဲ့ သတင်းကို UAE သမ္မတ ရှိတ်ခ်မိုဟာမက်ဘင်ဇာယက်က နေတန်ယာဟုကို လျှို့ဝှက် အသိပေးခဲ့တယ်လို့ The New York Times က စက်တင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မဲ့အချိန်နဲ့ ပုံစံကို အတိအကျ မသိရသလို ဒီသတိပေးချက်ဟာ အစ္စရေး လုံခြုံရေးအကြီးအကဲတွေဆီ မရောက်ခဲ့ဘူးလို့ အစ္စရေးအရာရှိဟောင်းတွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်မှာ နေတန်ယာဟုက လုံခြုံရေးအကြီးအကဲတွေနဲ့ ဂါဇာအခြေအနေ ဆွေးနွေးခဲ့ပေမဲ့ UAE ဘက်က သတိပေးချက်ကို မပြောခဲ့ဘူးလို့ The New York Times က ဖော်ပြပါတယ်။
အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ အဘတ်စ် ကာမယ်လ်ကလည်း တိုက်ခိုက်မှုမတိုင်မီ ရက်ပိုင်းအလိုမှာ နေတန်ယာဟုကို ဖုန်းဆက်ပြီး သတိပေးခဲ့တယ်လို့ The Wall Street Journal က ဖော်ပြပါတယ်။
အီဂျစ်ဘက်က ၂၀၂၃ ဇွန်လကစပြီး သတိပေးခဲ့သလို စက်တင်ဘာလမှာလည်း ဂါဇာအခြေအနေ ပေါက်ကွဲလာနိုင်တယ်လို့ ထပ်မံသတိပေးခဲ့ပြီး တိုက်ခိုက်မှုမတိုင်မီ ၄၈ နာရီအထိ သတိပေးချက်တွေ ဆက်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ နေတန်ယာဟုက UAE သမ္မတဆီက ကြိုတင်သတိပေးတဲ့ ဖုန်းခေါ်ဆိုမှု ရခဲ့တယ် ဆိုတာကို ငြင်းဆိုထားပြီး သူ့ရုံးကလည်း အီဂျစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ အဲဒီလို ဆွေးနွေးခဲ့တယ်ဆိုတဲ့ အစောပိုင်းသတင်းတွေကို ငြင်းထားပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ အစ္စရေးဘက်က လူ ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီး ပါလက်စတိုင်း ၇၃,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဂါဇာတခွင် ပျက်စီးမှုကြောင့် အပျက်အစီး တန်ချိန် ၆၁ သန်းလောက်ရှိပြီး အဲဒီအောက်မှာ လူအလောင်း ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရှိနိုင်တာကြောင့် ရှင်းလင်းရေးလုပ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။










