အစ္စရေးတိုက်ခိုက်မှုတွင် ဟားမတ်စ်ခေါင်းဆောင်၏ သားဖြစ်သူ အသက်ရှင် လွတ်မြောက်

ဟားမတ်စ်ခေါင်းဆောင် ခါလီအယ်လ်ဟေယာရဲ့ သားဖြစ်သူဟာ နိုဝင်ဘာ ၂၇ ရက်က အစ္စရေး စစ်တပ်ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ ဘာဆမ်နာအီမ်က ပြောပါတယ်။
အစ်ဇယ်လ်ဒင်း အယ်လ်ဟေယာနဲ့ သူ့မိသားစုဟာ မနက်အစောပိုင်း လေကြောင်း တိုက်ခိုက်မှု တခု ကနေ အသက်ရှင် လွတ်မြောက်ခဲ့တာဖြစ်ပြီး၊ ဟေယာရဲ့ ချွေးမအပါအဝင် လူအများအပြား ဒဏ်ရာ ရရှိခဲ့ပေမဲ့ သေဆုံးသူ မရှိဘူးလို့ နာအီမ်နဲ့ ဟားမတ်စ် သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။ အစ္စရေးစစ်တပ်ဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အစ်ဇယ်လ်ဒင်း အယ်လ်ဟေယာဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ တခြားသား ၄ ယောက်ထဲက ဟားမတ်စ်ခေါင်းဆောင်ရဲ့ ကျန်ရှိနေသေးတဲ့ တဦး တည်းသော သားဖြစ်တယ်လို့ နာအီမ်က ရှင်းပြပြီး၊ သောကြာနေ့ တိုက်ခိုက်မှုအတွင်း ကွယ်လွန် သွားပြီဖြစ်တဲ့ သားတယောက်ရဲ့ မိသားစုဝင်တွေ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ လူနေတိုက်ခန်းတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ဟေယာအပေါ် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစ္စရေးဟာ ၂၀၂၅ ခုနှစ် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပျက်ပြားစေဖို့ ကြိုးပမ်း နေတာဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်တွေအတွက် အစ္စရေးမှာသာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဟားမတ်စ်အဖွဲ့က စွပ်စွဲလိုက်ပါတယ်။
အစ်ဇယ်လ်ဒင်းဟာ ၂၀၂၅ ခုနှစ်အတွင်း ကာတာနိုင်ငံမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း သေဆုံးခဲ့တဲ့ ဟာမမ်ခါလီ အယ်လ်ဟေယာရဲ့ အမြွှာညီအစ်ကို ဖြစ်တယ်လို့ နာအီမ်က ပြောပါတယ်။
ဇူလိုင်လက ဟားမတ်စ်အဖွဲ့ရဲ့ အဓိကခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟေယာ ကိုယ်တိုင်လည်း ကာတာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ဖူး ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူအနည်းဆုံး ၁၀ ယောက်သေဆုံးခဲ့ပြီးနောက်၊ လက်တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း ကြာသပတေးနေ့မှာ ဟေယာက သတိပေးပြောပါတယ်။
Source:Reuters











