အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာ အဆိပ်သင့်ဖုန်းဆိုးမြေ ဖြစ်လာဟု Oxfam အဖွဲ့ ထုတ်ပြန်

အစ္စရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသဟာ အဆိပ်သင့်ဖုန်းဆိုးမြေ (toxic wasteland) ဖြစ်လာပြီး နယ်မြေ ၉၉ ရာခိုင်နှုန်းကျော်မှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းနေတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့ Oxfam က ထုတ်ပြန်ပါတယ်။
Oxfam နဲ့ ဗြိတိန်အခြေစိုက် စစ်ပွဲနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (CEOBS) တို့က ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တခြားအချက်အလက်တွေကို အသုံးပြုပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုက ကျန်ရစ်တဲ့ ဓာတုပစ္စည်းတွေ၊ အဆိပ်သင့်စေနိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေက ကျောက်ဂွမ်းအမျှင်တွေဟာ ပါလက်စတိုင်း ပြည်သူတွေအတွက် ဆယ်စုနှစ်နဲ့ချီပြီး အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ကင်ဆာရောဂါတွေ၊ ကိုယ်တွင်းအင်္ဂါ ပျက်စီးမှုတွေနဲ့ မွေးရာပါချို့ယွင်းမှုတွေ ပိုများလာနိုင်တယ်လို့လည်း သုတေသီတွေက သတိပေးထားပါတယ်။
ဒါ့အပြင် ဂါဇာမှာရှိတဲ့ မိလ္လာရေသန့်စင်စက်ရုံ ၆ ရုံစလုံး ရပ်ဆိုင်းနေတဲ့အတွက် မိလ္လာရေတွေဟာ မြေအောက်ရေနဲ့ မြေထဲပင်လယ်ထဲကို စီးဝင်နေပါတယ်။
ဂါဇာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အရေပြားရောဂါ ဖြစ်ပွားမှုတွေ ပိုများလာတယ်လို့ ဆရာဝန်တွေကလည်း ပြောပါတယ်။
Oxfam အမှုဆောင်ဒါရိုက်တာ အမီတာ့ဘ် ဘီဟာ ကတော့ အစ္စရေးဟာ ဂါဇာမှာ ဆက်လက်ကျူးလွန်နေတဲ့ ဂျီနိုဆိုက်ရဲ့ တစိတ်တပိုင်းအဖြစ် “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်ရာဇဝတ်မှုတွေ” ကျူးလွန်နေတယ်လို့ စွပ်စွဲပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကတော့ အဲဒီအစီရင်ခံစာဟာ အတည်မပြုနိုင်တဲ့ ယူဆချက်တွေအပေါ် အခြေခံထားပြီး ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်း တူးဖော်မှုတွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဘူးလို့ ဝေဖန်ပါတယ်။
အစ္စရေးကလည်း ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ့ရဲ့ စစ်ဆင်ရေးဟာ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်တာဖြစ်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
Oxfam အဖွဲ့ကတော့ ဂါဇာမှာ သန့်ရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်ခင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေကို လွတ်လပ်တဲ့အဖွဲ့နဲ့ ပြည့်ပြည့်စုံစုံ စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။
Source: Reuters











