
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ အယ်လ်ကက်ဆမ်တပ်ဖွဲ့က တပ်မှူးတယောက်အတွက် ဈာပနအခမ်းအနားကို ပါလက်စတိုင်းတွေက နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပပါတယ်။
ရာဖာတပ်ဖွဲ့ခွဲရဲ့ တပ်မှူး အသက် ၅၃ နှစ်အရွယ် ဆာမီယာအဘူယူးနစ်ဟာ နိုဝင်ဘာ ၁၄ ရက်မှာ သေဆုံးခဲ့တာလို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ရေးအထောက်အကူပြု အယ်လ်ကက်ဆမ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးစစ်တပ်ကလည်း ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ ညအချိန်လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတခုအတွင်း အဘူယူးနစ်ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။
သူ့မတိုင်မီ တာဝန်ယူခဲ့သူ နေးလ် အဘူအိုဘိုက်ဒ်ဟာ စက်တင်ဘာ ၁၅ ရက်မှာ သေဆုံးသွားခဲ့ပြီးတဲ့နောက် အဘူယူးနစ်က ရာဖာတပ်ဖွဲ့ခွဲကို ဦးဆောင်ခဲ့တာလို့ အစ္စရေးစစ်တပ်က ဖြည့်စွက်ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း၊ ခန်းယူးနစ်မြို့နယ်၊ မာဝါစီဒေသက လမ်းမတခုပေါ်မှာ အဘူယူးနစ်ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း သူသေဆုံးခဲ့ပြီး တခြားသူတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာရတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် အစ္စရေး-ဂါဇာ စစ်ပွဲအတွင်း အဓိက တိုက်ပွဲကြီးတွေ ရပ်သွားပေမဲ့ အစ္စရေးဘက်က ဆက်ပြီး တိုက်ခိုက်နေဆဲဖြစ်သလို ဟားမတ်စ်အဖွဲ့ကလည်း လက်နက်စွန့်လွှတ်ခြင်း မရှိသေးပါဘူး။
အပစ်အခတ် ရပ်စဲရေး စတင်သက်ဝင်လာချိန်ကစပြီး ပါလက်စတိုင်းအယောက် ၁,၆၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေး စစ်သား ၅ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က တောင်ပိုင်းအစ္စရေးမှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေက လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် အစ္စရေးက ဂါဇာဒေသအပေါ် စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း ၇၄,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











