အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လာမဲ့ရွေးကောက်ပွဲမှာ ဝင်မစွက်ဖက်ဖို့ ဟားမတ်စ်တွေကို အောက်တိုဘာ ၆ ရက်မှာ သတိပေးလိုက်ပြီး အစ္စရေးဟာ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တားဆီးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
ဟားမတ်စ်တွေ အားနည်းနေတာကြောင့် ရွေးကောက်ပွဲမတိုင်ခင်မှာ ကျန်ရှိနေသေးတဲ့အင်အားနဲ့ စိန်ခေါ်ပြီး ရွေးကောက်ပွဲအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းလာလိမ့်မယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
ဘယ်လိုဝင်ရောက်စွက်ဖက်မှုကိုမဆို အင်အားကြီးကြီးမားမားသုံးပြီး တုံ့ပြန်သွားမှာဖြစ်ကာ ရန်သူတွေအနေနဲ့လည်း ပြန်လည်ရှင်သန်ရေးစစ်ပွဲရဲ့ ရှေ့တန်းမျက်နှာစာ ၇ ခုမှာ အစ္စရေး လုပ်ပြခဲ့တာတွေကို ပြန်ဆင်ခြင်ကြဖို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် တိုင်းပြည် တုန်လှုပ်သွားခဲ့ရပြီး ဂါဇာ၊ လက်ဘနွန်နဲ့ အီရန်တို့မှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမဲ့ အောက်တိုဘာ ၂၇ ရက်မှာ အမျိုးသားရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ အစ္စရေးသမိုင်းမှာ အရေးအပါဆုံး ကာလတခုကို ဖြတ်သန်းပြီးနောက် နေတန်ယာဟု ရာထူးဆက်ရှိနေဦးမလား၊ ဒါမှမဟုတ် ခေတ်သစ်တခုကို ဖန်တီးပေးမယ်လို့ ကတိပေးထားတဲ့ အလယ်အလတ်ဝါဒီ ပြိုင်ဘက်တွေရဲ့ အနိုင်ယူမှုကို ခံရမလား ဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Source: Reuters











