အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမဲ့ အစီအစဉ်တွေ ကြန့်ကြာသွားစရာအကြောင်း မရှိဘူးလို့ ထိုင်ဝမ်ရဲ့ ထိပ်တန်း ကာကွယ်ရေးတာဝန်ရှိသူက နိုဝင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီး ဝယ်လင်တန်ကူးက “အမေရိကန်လွှတ်တော်အနေနဲ့ ပါတီကွဲပြားမှုမရှိဘဲ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးကို ကာလရှည်ကြာ အစဉ်တစိုက် ထောက်ခံအားပေးခဲ့တာလို့ ကျနော် မြင်ပါတယ်” လို့ လွှတ်တော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အစိုးရရဲ့ ထိပ်တန်းသုတေသနအဖွဲ့ Academia Sinica က သုတေသနလက်ထောက် ရိုနန် ဖှူ ကလည်း လက်နက်ရောင်းချမှုတွေကို လာမဲ့နှစ်မှာ ပြန်စတဲ့အခါ ပက်ကေ့ချ် သီးခြားစီခွဲပြီး ရောင်းချလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
“ဒါပေမဲ့ အားလုံးပေါင်းလိုက်ရင်တော့ စုစုပေါင်းပမာဏဟာ အတူတူလောက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
ဒီနှစ်ကုန်မတိုင်မီ တရုတ်မှာကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးနဲ့ ဒီဇင်ဘာလ ဖလော်ရီဒါ G20 အစည်းအဝေးတို့မှာ သမ္မတ ထရမ့်ပ်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ အနည်းဆုံး ၂ ကြိမ် ထပ်မံတွေ့ဆုံဖို့ ရှိနေတာကြောင့် လက်နက်ရောင်းချမဲ့ အစီအစဉ်သစ်ဟာ ၂၀၂၇ ခုနှစ်အထိ ကြန့်ကြာသွားနိုင်ခြေ ရှိတယ်လို့ ထိုင်ပေက အရာရှိတချို့က သုံးသပ်ထားကြပါတယ်။
Source: Reuters











