
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းလွန်မှာ ပျက်စီးသွားတဲ့ ရေနံတင်သင်္ဘော တစင်းကနေ ရေနံယိုစိမ့်မှု ပိုကျယ်ပြန့်လာတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ဒီအခြေအနေကြောင့် ကမ်းခြေအများအပြားကို ထပ်ပိတ်ထားရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် ဂြိုဟ်တုစောင့်ကြည့်ရေးကွန်ရက်က အောက်တိုဘာ ၂၄ ရက်က ရိုက်ကူးထားတဲ့ ပုံအရ ရေနံယိုစိမ့်မှုဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပိုကျယ်ပြန့်လာပြီး မြောက်ပိုင်းက အွမ်အယ်လ် ကူဝိန်းစော်ဘွားနယ်ရဲ့ ကမ်းရိုးတန်းဒေသအထိ ရောက်လာတာ တွေ့ရပါတယ်။
ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းတလျှောက် ရေနံအလွှာတွေ အမည်းရောင်သန်းပြီး ပျံ့နှံ့နေပါတယ်။
အီရန်နိုင်ငံနဲ့ အမေရိကန်-အစ္စရေးတို့အကြား ပဋိပက္ခတွေ စဖြစ်ချိန်ကစပြီး ပင်လယ်ကွေ့ ရေကြောင်း လမ်းကြောင်းတွေပေါ်က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေကြောင့် ရေကြောင်းသွားလာရေးအတွက် လုံခြုံရေးအန္တရာယ်တွေ မြင့်တက်လာခဲ့ပြီး ပဋိပက္ခကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်လာမှာကို စိုးရိမ်ပူပန်တာတွေ တိုးလာနေပါတယ်။
ဝါရှင်တန် အရှေ့အလယ်ပိုင်း မူဝါဒဆိုင်ရာ အင်စတီကျုရဲ့ အချက်အလက်တွေအရ အောက်တိုဘာလဟာ ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတဝိုက် ရေလမ်းကြောင်းတွေမှာ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုအများဆုံး ဖြစ်ခဲ့တဲ့ လတလ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေက အခုဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ ရေနံတင်သင်္ဘောရဲ့ နာမည်ကို ထုတ်မပြောသေးသလို ရေနံယိုစိမ့်ရတဲ့ အကြောင်းရင်းကိုလည်း မထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ ကျွမ်းကျင်သူတွေက ယိုစိမ့်မှုဟာ Gem No.2 နာမည်နဲ့ ရေနံတင်သင်္ဘောဆီက ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီသင်္ဘောဟာ အရင်လက အမည်မသိ ပစ္စည်းတခုနဲ့ တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရေကြောင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters











