
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန်ဟာ အောက်တိုဘာ ၁၈ ရက်မှာ ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးကို အဘူဒါဘီမြို့မှာ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လုံခြုံရေးကို ပိုခိုင်မာအားကောင်းလာစေမဲ့ နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ UAE နိုင်ငံပိုင်သတင်းဌာန WAM က ဖော်ပြထားပါတယ်။
အခုဆွေးနွေးပွဲမတိုင်မီ ပြီးခဲ့တဲ့လက UAE ဒုတိယသမ္မတ ရှိတ် မန်ဆော် ဘင် ဇာယက် အယ်လ် နာယန်ဟာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မြို့ဆီ သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပင်လယ်ကွေ့ဒေသမှာရှိတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း UAE အဆင့်မြင့်အရာရှိတယောက်ရဲ့ ပထမဆုံး ဆော်ဒီခရီးစဉ်လည်း ဖြစ်လာပါတယ်။
ယီမင်နိုင်ငံထဲက အီရန် လိုလားတဲ့ ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို အပြင်းအထန် လုပ်ဆောင်လာချိန်မှာ ဒီခရီးစဉ်တွေ ပေါ်ပေါက်လာတာပါ။
ဟူသီသူပုန်တွေက ၂၀၁၄ ခုနှစ်မှာ ယီမင်မြို့တော် ဆာနာကို သိမ်းပိုက်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရဟာ တောင်ပိုင်းဒေသဆီ ဆုတ်ခွာသွားခဲ့ရပါတယ်။
နောက်တနှစ်မှာ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းမဟာမိတ်တွေက ဝင်ရောက်စွက်ဖက်ခဲ့ပြီး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ နှစ်ပေါင်းများစွာ တုံ့ဆိုင်း ရပ်တန့်နေခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပါတယ်။
Source: Reuters











