
ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက်လည်းဖြစ်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသံတမန်လည်းဖြစ်တဲ့ ဂျရက် ကက်ရှ်နာဟာ ဟားမတ်စ် ခေါင်းဆောင်သစ် ခါလီအယ်လ်ဟာယာ ဦးဆောင်တဲ့အဖွဲ့နဲ့ ဩဂုတ် ၁၆ ရက်က အီဂျစ်နိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
ဟားမတ်စ်ခေါင်းဆောင်နဲ့ အမေရိကန် ထိပ်တန်းသံတမန် အခုလို တိုက်ရိုက်တွေ့ဆုံတာဟာ မနှစ်က ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ လက်နက်အပြည့်အဝ ဖျက်သိမ်းရေး၊ အစ္စရေးတပ်တွေ ဂါဇာကနေ ဆုတ်ခွာရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
အီဂျစ်၊ ကာတာနဲ့ တူရကီက ကြားဝင်ညှိနှိုင်းသူတွေအပြင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကိုယ်စားလှယ် နီကိုလိုင် မလာဒီနော့ဗ်လည်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို လက်မခံနိုင်ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောထားပါတယ်။
“ဟားမတ်စ် တကယ်လက်နက်မချမချင်း အစ္စရေးတပ်ဖွဲ့က ဆုတ်ခွာမှာမဟုတ်ဘူး” လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးရဲ့ ငြင်းဆိုမှုဟာ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ခြိမ်းခြောက်နေတယ်လို့ အီဂျစ်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ တူရကီ အပါအဝင် မွတ်စလင်နိုင်ငံတွေက ဩဂုတ် ၁၆ ရက်မှာ ဝေဖန်ခဲ့ပါတယ်။
ကက်ရှ်နာဟာ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီ နဲ့လည်း တွေ့ဆုံခဲ့ပြီး ဩဂုတ် ၁၇ ရက်မှာ နေတန်ယာဟုနဲ့ ဆက်လက်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆက်ရှိနေပေမဲ့ ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်နိုင်ရေးကလည်း မသေချာသေးပါဘူး။











