DVB Logo
Home
မြန်မာသတင်း
ငမိုးရိပ်တမံ ရေကျော်ပြီး လှည်းကူးတွင် ရေကြီး
DVB
·
October 9, 2023
ငမိုးရိပ်တမံ ရေကျော်ပြီး လှည်းကူးတွင် ရေကြီး
1 / 5
Donate to DVB

ရန်ကုန်၊ လှည်းကူးမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ရွာတွေမှာ ငမိုးရိပ်တမံ ရေပိုလွှဲက ထုတ်လွှတ်တဲ့ရေ ၆ ပေ ၁၀ လက်မအထိ ဖြစ်လာတာကြောင့် အောက်တိုဘာ ၉ ရက်မှာ ရေကြီးမှုတွေ ထပ်တိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငမိုးရိပ်တမံ ရေပြည့်အမှတ်ဟာ ၁၀၇ ပေအထိဖြစ်ပြီး အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ငမိုးရိပ်ရေလှောင်တမံအဖွဲ့ရဲ့ တိုင်းထွာချက်အရ တမံရေအမှတ်ဟာ ၁၁၃ ဒသမ ၁၀ ပေအထိ ရောက်ရှိလာတာကြောင့် ရေပိုလွှဲကနေ ၆ ပေ ၁၀ လက်မအထိ ရေကျော်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၈ ရက်က တမံရေအမှတ်ဟာ ၁၁၁ ပေရှိတာကြောင့် တမံရေပိုလွှဲမှ ရေ ၂ ပေ ၁၀ လက်မအထိ ထပ်တက်လာတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ လှည်းကူးမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရိပ်သာ၊ အောင်မင်္ဂလာ၊ မြို့မ၊ ပြည်တော်သာ၊ ဈေးကြီးရပ်ကွက်တွေနဲ့ ဖောင်ကြီးဘက်ရှိ ရွာတွေမှာ ၃ ပေခန့်အထိ ရေတက်လာခဲ့ရာမှ ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုရှိခဲ့ပြီး အောက်တိုဘာ ၉ ရက်မှာ ရေအနက် ၃ ပေကျော်လာခဲ့တာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုအထိ တိုးလာခဲ့ပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “ဒီနေ့ ရေကြီးတာက ရေက ပိုတက်လာတယ်။ မိုးထပ်ရွာတယ်၊ ဆည်ကလည်း လွှတ်တယ်၊ အောက်ရေကလည်း ထောက်တယ်။ ဒီနေ့က တမြို့လုံးပါပဲ။ ‌စင်တာတွေမှာ ရေဘေးရှောင်ဦးရေက ၂၀၀ ကျော်သွားပြီ။ အိမ်ထဲပိတ်နေတဲ့ မိသားစု‌ ၁ စု ဒီနေ့ လွတ်တဲ့နေရာကို ကယ်ထုတ်ပေးခဲ့ပါတယ်။ စင်တာက လောလောဆယ် ၄ နေရာရှိပါတယ်” လို့ ပြောပါတယ်။

ရေဘေး စိုးရိမ်ရတဲ့ အိမ်ထောင်စုတွေကို လှည်းကူးမြို့နယ် ငါးထပ်ကြီးဘုရားဝင်း၊ သီတာအေး ဘောလုံးကွင်း အားကစားရုံနဲ့ ခရစ်ယာန်အဆောက်အဦ၊ အောင်မင်္ဂလာဓမ္မာရုံ၊ အောင်စကြာဘုန်းကြီးကျောင်းတွေမှာ ရေဘေးရှောင်စင်တာအဖြစ် မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့က နေရာချပေးထားပြီး လူဦးရေ ၂၀၀ ကျော်အတွက် ရေသန့်၊ ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လှည်းကူးမြို့နယ်ထဲက မဲဇလီကုန်းကျေးရွာ၊ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းမှာ အောက်တိုဘာ ၉ ရက်က ရေဝင်ရောက်မှုကြောင့် သာသနာ့ဝန်ထမ်းတွေကို မီးသတ်နဲ့ သက်ဆိုင်ရာအဖွဲ့တွေက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ကံဦးကျောင်းတိုက်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း လှည်းကူးမြို့နယ်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုတွေကို မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ရေဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013