DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှု ဝမ်းနည်းကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆိုချက် ဝေဖန်ခံနေရ 
DVB
·
October 5, 2023
ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှု ဝမ်းနည်းကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆိုချက် ဝေဖန်ခံနေရ 
Donate to DVB

 

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆယမ်ပါရာဂွန်  (Siam Paragon) ကုန်တိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် တွီတာမှာ ဝမ်းနည်းကြောင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်က “သူ့အနေနဲ့ ဆယမ်ပါရာဂွန်မှာ အခင်းဖြစ်ပွားပြီးတဲ့နောက် ရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေကို  စောင့်ကြည့်နေတယ်။ ဒါ့အပြင် ရဲဆေးရုံ၊ ကျူလာလောင်ကွန်ဆေးရုံတွေဆီ သွားရောက်ပြီး ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို အားပေးစကားပြောကြားခဲ့တယ်။  ခရီးသွားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့ စတဲ့အဖွဲ့အစည်းတွေအနေနဲ့ အခင်းဖြစ်ရတဲ့အကြောင်း ရင်းကို ရှာဖွေပြီး နောက်နောက်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ရလေအောင် တိုးမြှင့်ကာကွယ်ဖို့ ညွှန်ကြားခဲ့တယ်။ 

“ဒါအပြင် ည ၈ နာရီခွဲလောက်က ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ကျုချင်နဲ့ ဆက်သွယ်ပြီး ဒီဖြစ်ပျက်မှုအတွက် ဝမ်းနည်းကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံကို အလည်အပတ်လာရင်း သေဆုံး၊ ဒဏ်ရာရခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း၊ တရုတ်သံအမတ်ကြီးကလည်း ထိုင်းနိုင်ငံအနေနဲ့ လုံခြံရေးကို ပိုမိုတိုးမြှင့်ဖို့ အကြံပြုတယ်၊ ကျနော်ကလည်း ထိုင်းအစိုးရအနေနဲ့  နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံးတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တယ်” လို့ သူ့ရဲ့ တွီတာမှာ ရေးသားထားပါတယ်။ 

ဝန်ကြီးချုပ်ရဲ့ ခုလိုရေးသားချက်အပေါ်မှာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေက “တရုတ်သံ အမတ်ကိုပဲ ဆက်သွယ်တာလား၊ မြန်မာသံအမတ်၊ လာအိုသံအမတ်တွေကိုရော မဆက်သွယ်ဘူးလား။ ဒီပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရသူတွေဟာ တရုတ်နိုင်ငံသားတင်မကဘဲ မြန်မာအမျိုးသမီးလည်း သေဆုံးခဲ့တယ်၊ လာအိုအမျိုးသမီးလည်း ဒဏ်ရာရခဲ့တယ်ဆိုတာ ဝန်ကြီးချုပ် သိပါရဲ့လား။ ဝန်ကြီးချုပ်အနေနဲ့ တရုတ်နိုင်ငံသားကိုပဲ ဦးစားပေးတယ်ဆိုရင် ထိုင်းလိုရေးမနေနဲ့၊ တရုတ်လိုသာရေးလိုက်ပါ”  စသဖြင့် ဝေဖန်နေကြတာပါ။

တချို့ကလည်း သေဆုံးဒဏ်ရာရတဲ့ တရုတ်တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေဖြစ်တယ်၊ မြန်မာနဲ့ လော အမျိုးသမီးတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေသာဖြစ်လို့ ခွဲခြားပြီး အရေးတယူ မလုပ်တာလို့လည်း ဝေဖန်နေကြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မတွေ့သေးပါဘူး။  ထိုင်းတရားရေးဝန်ကြီးဌာနကတော့ သေဆုံးရသူတွေအတွက် တဦးကို ဘတ် ၂ သိန်းစီ ကရုဏာကြေးထောက်ပံ့မယ်လို့ ထုတ်ပြန်ပါတယ်။ 

ဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီး မမိုးမြင့်ရဲ့အလုပ်ရှင်ကတော့ ကျူးလွန်သူကို အမှုဖွင့်ထားပြီး ကျန်ရစ်သူမိဘအတွက် နစ်နာကြေးတွေ တောင်းဆိုမယ်၊ သူ့အနေနဲ့လည်း မမိုးမြင့် သက်ရှိထင်ရှားရှိစဉ်ကအတိုင်း သူ့မိဘတွေကို ၁ လ ဘတ် ၁၀,၀၀၀ ဆက်လက်ထောက်ပံ့ပေးမယ် လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။ 

Take Toys ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မမိုးမြင့် (အသက် ၃၁ နှစ်) ခေါ် တဝမ်းဟာ မွန်ပြည်နယ် သထုံမြို့နယ်ဇာတိဖြစ်ပြီး  သူ့ရဲ့နာရေးကို  နွန်ထပူရီခရိုင် ပတ်ကလေမြို့နယ် ဘန်ဖုရပ်ကွက် ဖာဆုခ်မဏီးကျတ်ဘုန်းကြီးကျောင်းမှာ ပြုလုပ်ကာ အောက်တိုဘာ ၉ ရက်နေ့ သင်္ဂြိုဟ်မယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူ့ရဲ့ အသုဘကိုတော့ ပြစ်မှုကျူးလွန်သူ ၁၄ နှစ်ရွယ် လူငယ်ရဲ့ မိဘအုပ်ထိန်းသူတွေဘက်က တယောက်မှ ရောက်လာတာမတွေ့သေးဘူးလို့ သည်နေရှင်းသတင်းက ပြောပါတယ်။ 

ကျူးလွန်သူလူငယ်ကို ပထုမ်ဝမ်နယ်မြေရဲတပ်ဖွဲ့က ပုဒ်မ ၅ ခုနဲ့ စွဲချက်တင်ထားပြီး  အောက်တိုဘာ ၅ ရက် ဒီနေ့မှာ အမှုနဲ့ဆက်စပ်နေသူ နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ၃ ဦးမှာ ပြစ်မှုကျူးလွန်သူ လူငယ်အား အွန်လိုင်းမှတဆင့် ဘလက်ခ်ဂန်းစ် သေနတ်ရောင်းချပေးသူ၊ ကျည်ဆန်ရောင်းချပေးသူ၊ သေနတ်ပစ်လေ့ကျင့်ပေးသူတွေဖြစ်ပြီး ၂ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကာ နောက်ထပ် ၁ ဦး လွတ်မြောက်နေဆဲလို့ ဆိုပါတယ်။ 

လူငယ်မှာ လူကုံထံအသိုက်အဝန်းကဖြစ်ပြီး သူဟာ ဘတ်ငွေသောင်းဂဏန်းထိ သုံးစွဲနိုင်တာ၊ အရွယ်မရောက်သေးတဲ့ လူငယ်ကို ကွန်ဒိုတိုက်ခန်းမှာ တယောက်တည်း ပေးနေထားတာတွေအပြင် သားဖြစ်သူရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့  ကျည်ဆန်နဲ့ သေနတ် လက်ဝယ်ထားရှိတာတောင် မသိရကောင်းလားဆိုပြီး မိဘအုပ်ထိန်းသူတွေဟာ လူမှုကွန်ရက်မှာ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။ 

ဘန်ကောက် မြန်မာသံရုံးက သံအမတ်နဲ့ အလုပ်သမားသံအရာရှိတို့က အောက်တိုဘာ ၄ ရက်နေ့မှာ  ပသုဝမ်နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနဲ့ သေဆုံးသူ  မမိုးမြင့်ရဲ့ အလုပ်ရှင်တို့ထံသို့ သွားရောက်တွေ့ဆုံပြီး နာရေးကိစ္စနဲ့ ကရုဏာကြေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးက သတင်းထုတ်ထားပါတယ်။

မြန်မာသံရုံး အနေနဲ့ သထုံမြို့မှာနေတဲ့ မမိုးမြင့်ရဲ့ မိခင်ထံကို ဆက်သွယ်ဆောင်ရွက်နေပြီး ကျန်ရစ်သူမိသားစုရဲ့ ဆန္ဒအရ သေဆုံးသူ မမိုးမြင့်ရဲ့ရုပ်ကလာပ်ကို အောက်တိုဘာ ၈ ရက်နေ့ ချန်းဝပ်တတနာဘုန်းကြီးကျောင်းမှာ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

Source: MgrOnline

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013