DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်ကုန်တိုက်တွင်း သေနတ်ပစ်ခတ်ခဲ့သည့် ထိုင်းလူငယ်ကို ပြစ်မှု ၅ ခုဖြင့် စွဲချက်တင်
DVB
·
October 4, 2023
ဘန်ကောက်ကုန်တိုက်တွင်း သေနတ်ပစ်ခတ်ခဲ့သည့် ထိုင်းလူငယ်ကို ပြစ်မှု ၅ ခုဖြင့် စွဲချက်တင်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်တွင်း အောက်တိုဘာ ၃ ရက် ညနေပိုင်း ပစ်ခတ်မှုမှာ  ကျူးလွန်သူ အသက် ၁၄ နှစ်ရွယ် ထိုင်းလူငယ်ကို နယ်မြေရဲတပ်ဖွဲ့က ပြစ်မှု ၅ ခုနဲ့ စွဲချက်တင်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီပစ်ခတ်မှုမှာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တာကြောင့် အဆိုပါလူငယ်ကို လူသတ်ရန် တမင်ကြံစည်မှု၊ လူသတ်ရန် ကြိုးပမ်းမှု ၊ ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူရှိရာ မြို့ပြရပ်ရွာနယ်မြေတွင်း ခွင့်ပြုချက်မရှိဘဲ  လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူရှိရာ မြို့ပြရပ်ရွာနယ်မြေတွင်း ခွင့်ပြုချက်မရှိဘဲ ပစ်ခတ်မှု စတဲ့ ပြစ်မှုတွေနဲ့ ကနဦးစွဲချက်တင်ထားတယ်လို့  ပထုမ်းဝမ်းနယ်မြေရဲတပ်ဖွဲ့က  သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူတွေကိုလည်း ဆက်လက်စစ်ဆေးနေပြီး အမှုနဲ့ ပတ်သက်က အရေးယူခံရ ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အငြိမ်းစားရဲချုပ် လေးဝပ်ကလင်ကေးဆွန်ကတော့ ကလေးရဲ့ မိဘအုပ်ထိန်းသူတွေမှာ တာဝန်ရှိတဲ့အပြင် အရွယ်မရောက်သေးတဲ့ ကလေးကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချပေးခဲ့တဲ့ဆိုင်၊ အရွယ်မရောက်သေးတဲ့ ကလေးကို သေနတ်ပစ် လေ့ကျင့်ခွင့်ပြုခဲ့တဲ့   သေနတ်ပစ်ကွင်းမှာပါ တာဝန်ရှိတယ်လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် တာဝန်ရှိသူတွေက အဆိုပါလူငယ်ရဲ့ တိုက်ခန်းကို သွားရောက်စစ်ဆေးရာမှာ ၅ ပွိုင့် ၅၆ အမျိုးအစားကျည်ခွံ ၇ တောင့်၊ ပွိုင့် ၄၅ အမျိုးအစား ကျည် ၃ တောင့်၊ ပွိုင့် ၃၅၇ ကျည် ၂ တောင့်၊ ပစ်ခတ်ရန်အသင့်ရှိ ၉ မမ ကျည် ၄၉ တောင့်၊ ဘီဘီဂန်း  ၁ တောင့်၊ ကျည်ကပ် ၁ ခု နဲ့ ပစ်မှတ်လေ့ကျင့်ရေးကပ်ပြားတစ်ကတ်တို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။

မိဘအုပ်ထိန်းသူတွေကတော့ သားဖြစ်သူဟာ လက်နက်တွေ ဘယ်လိုရလာလဲ ဆိုတာ မသိကြောင်းနဲ့ ကလေးက သူ့ဘာသာသူ ကွန်ဒိုတိုက်ခန်းမှာ သက်သက်နေတယ်လို့ ပြောပါတယ်။

ထိုင်းလူငယ် တက်ရောက်သင်ကြားနေတဲ့ The Essence School ကတော့ ဒီဖြစ်ရပ် အတွက် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိဘဆွေမျိုးတို့နဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း ၊ သူတို့အနေနဲ့ ဆယမ်ပါရာဂွန်ကုန်တိုက်လုံခြုံရေးတိုးမြှင့်ရေးနဲ့ပတ်သက်ပြီး ကုန်တိုက်တာ ဝန်ရှိ သူနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းမှာလည်း ကျောင်းသူကျောင်းသား လုံခြုံရေးနဲ့ အဆောက်အဦ လုံခြုံရေးတွေပါ ပိုတိုးမြှင့်သွားမယ်၊ ကျောင်းသားတိုင်း ID Code သုံးမှ ကျောင်းထဲ ဝင်လို့ရမယ့်စနစ်တွေ အသုံးပြုမယ်၊ ဖြစ်သွားတဲ့ကိစ္စတွေအတွက် စိတ်မသက်သာဘူးဆိုရင် ကျောင်းက Care Team  ကြီးကြပ်သူတွေနဲ့ တွေ့ဆုံဆက်သွယ်နိုင်တယ်၊ ပူးပေါင်းပါဝင်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စာသင်ကျောင်းဟာ အခင်းဖြစ်တဲ့ကုန်တိုက်နဲ့ နယ်မြေတစ်ခုတည်းမှာတည်ရှိပြီး  ထိုင်း၊ အင်္ဂလိပ်၊ တရုတ် ၃ ဘာသာနဲ့ သင်ကြားတဲ့ ပုဂ္ဂလိကကျောင်းဖြစ်ကာ ကျောင်းလခ သိန်းချီပေးရတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း  မြန်မာနဲ့ တရုတ်နိုင်ငံ အမျိုးသမီး ၂ ယောက် သေဆုံးသွားတာဖြစ်ပါတယ်။

ကုန်တိုက်ထဲမှာ ဈေးရောင်းအကူလုပ်နေသူ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မမိုးမြင့်ဟာ ကုန်တိုက်က ATM စက်မှာ ငွေသွားလွှဲရင်း သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

Source - Thai Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013