DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်မှု၌ သေဆုံးသွားသည့် မြန်မာအမျိုးသမီးအတွက် ဝမ်းနည်းကြောင်း ထိုင်းလူငယ်၏ မိဘ ပြောကြား
DVB
·
October 6, 2023
ပစ်ခတ်မှု၌ သေဆုံးသွားသည့် မြန်မာအမျိုးသမီးအတွက် ဝမ်းနည်းကြောင်း ထိုင်းလူငယ်၏ မိဘ ပြောကြား
Donate to DVB

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်အတွင်း ပစ်ခတ်မှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား မမိုးမြင့် သေဆုံးရတာနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်ရဲ့  အုပ်ထိန်းသူဘက်က ဝမ်းနည်းကြောင်း ဆက်သွယ်ပြောကြားလာပြီလို့  အလုပ်ရှင်က ပြောပါတယ်။ 

မမိုးမြင့်ရဲ့ အသုဘရှုတရားပွဲကို နွန်ထပူရီခရိုင် ဖာဆုခ်မဏီးကျတ်ကျောင်းတိုက်မှာ အောက်တိုဘာ ၄ ရက် ညက စတင်ကျင်းပနေပြီး ကျူးလွန်သူလူငယ်ရဲ့ မိဘအုပ်ထိန်းသူတွေ ရောက်မလာတဲ့အပေါ် ဝေဖန်နေကြတာပါ။

ဒီကနေ့ အောက်တိုဘာ ၆ ရက်မှာတော့ လူငယ်ရဲ့ ဖခင်ဖြစ်သူက ဒီဖြစ်ရပ်အတွက် တောင်းပန်ကြောင်း၊ မမိုးမြင့် သေဆုံးသွားတဲ့အပေါ် ဝမ်းနည်းကြောင်း၊ သူတို့အနေနဲ့ ဖြေဆယ်လို့မရ ဖြစ်နေတာကြောင့် အသုဘအခမ်းအနားလာဖို့ အဆင်မပြေသေးကြောင်း တယ်လီဖုန်းကနေတဆင့် ဆက်သွယ်လာတယ်လို့ မမိုးမြင့်ရဲ့ အလုပ်ရှင် နန်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။ 

ရဲမိသားစုဖောင်ဒေးရှင်းကလည်း အောက်တိုဘာ ၅ ရက်ညမှာတော့ ကိုယ်စားလှယ်လွှတ်ပြီး လွမ်းသူ့ပန်းခွေနဲ့  အကူငွေအချို့ လာပေးသွားကြောင်း၊ ဘန်ကောက်မြန်မာသံရုံး တာဝန်ရှိသူ ဦးသန်းထွေးလည်း ရောက်ရှိလာပြီး မမိုးမြင့် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေအတွက် ကူညီဆောင်ရွက်ပေးနေသလို မြန်မာပြည်က သူရဲ့မိခင်အနေနဲ့ သမီးဖြစ်သူကို နောက်ဆုံးအနေနဲ့ လာရောက်တွေ့ဆုံနှုတ်ဆက်နိုင်ဖို့ ကူညီဆောင်ရွက်ပေးနေကြောင်း၊ သူ့မိခင်ဟာ ဒီကနေ့ ည ၇ နာရီခွဲလောက်မှာ ဘန်ကောက်ကို ရောက်ရှိလာမယ်လို့ အလုပ်ရှင်က ပြောပါတယ်။ 

သူ့ရဲ့မိခင်မှာ နဂိုကတည်းက ကျန်းမာရေးမကောင်းသူဖြစ်ပြီး သမီးဖြစ်သူ သေဆုံးကြောင်း ကြားသိရတဲ့နောက် မေ့မြောသွားကြောင်း၊ သတိရလာတော့ သမီးကို နောက်ဆုံး သွားနှုတ်ဆက်ချင်တယ်၊ တာဝန်ရှိသူတွေကို ပြောပေးပါလို့ ပြောကြောင်း မမိုးမြင့်ရဲ့ သူငယ်ချင်းက သတင်းထောက်ကို ပြောပါတယ်။

ကျူးလွန်သူ လူငယ်ကတော့ မေတ္တာအိမ်လူငယ်ပြုပြင်ရေးဂေဟာမှာ ရောက်ရှိနေကြောင်း၊ တာဝန်ရှိသူတွေနဲ့အတူ ဖခင်ပါ လာရောက်ပို့ဆောင်ပြီး လောလောဆယ်  ကိုဗစ်-၁၉ စောင့်ကြည့်ဖို့ ကွာရန်တင်းဝင်နေတယ်လို့ ဂေဟာတာဝန်ရှိသူက ပြောပါတယ်။ 

လူငယ်မှာ ဘယ်သူနဲ့မှ စကားမပြောတာကြောင့် စစ်ဆေးမေးမြန်းမှုတွေ မလုပ်နိုင်သေးကြောင်း၊ ငိုကြွေးတာ၊ အိမ်ပြန်ချင်တယ်လို့ ပူဆာတာတွေမရှိပေမဲ့ စိတ်ဖိစီးပုံပေါက်နေပြီး အစာမစားကြောင်း၊ ဒါပေမဲ့ သူ့ကို စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေက အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၃ ရက် ညနေက လူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တဲ့ ဒီပစ်ခတ်မှုမှာ  ပစ်ခတ်မှု ကျူးလွန်သူ ၁၄ နှစ်သားပေါ် အပြစ်တင်ဖို့ထက် ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး နောက်နောင်မဖြစ်အောင် ကာကွယ်ဖို့ အဖြေရှာရန်လိုအပ်တယ်လို့ အငြိမ်းစား ရဲမှူးချုပ် လေးဝပ် ကလင်ကေးဆွန်က ပြောပါတယ်။ 

ရာ့ချ်နာ့ခလင်းလူငယ်စိတ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝိမွန်းရတ်တန ဝမ်းဖျိန်း ကတော့ လူငယ်တွေ ဆိုးသွမ်းတာဟာ  ဂိမ်းစ်ကစားတာနဲ့ အပေါင်းအသင်းတွေက  အဓိက အကြောင်းရင်းမဟုတ်ဘဲ  မိသားစုတွင်း ကြီးပြင်းလာပုံ၊ သွန်သင်ဆုံးမတဲ့ပုံစံတွေပေါ်  မူတည်တယ်၊ စည်းကမ်းတင်းကျပ်လွန်းတာကလည်း လူငယ်တွေကို စိတ်ဖိစီးစေတယ်၊ စိတ်ထွက်ပေါက်ရှာနည်း မမှန်ကန်ရင် အကြမ်းဖက်တတ်တဲ့ဘက်ကို ရောက်သွားတယ်လို့ သုံးသပ်ပါတယ်။  

Ocelot ဆိုတဲ့ တွီစ်တာအကောင့်ပိုင်ရှင်တစ်ဦးကတော့ သူဟာ ပစ်ခတ်မှု ကျူးလွန်တဲ့လူငယ်နဲ့  Discord ဆိုတဲ့ ဂရုပ်ဖ်တစ်ခုမှာ ဆုံခဲ့တယ်၊ အဲဒီဂရုပ်ဖ်ကတော့ လူမှုကွန်ရက်ဖလှယ်ရာ နေရာတခု ဖြစ်ပြီး ရောက်တတ်ရာရာ ပြောဆိုဆွေးနွေးကြတယ်၊ လူငယ်က Hunterz ဆိုတဲ့ အမည် သုံးတယ်၊ သူ့တင်ပြချက်တွေမှာ ပုံမှန်မဟုတ်ဘဲ မိသားစုတွင်း ပြဿနာရှိပုံရတယ်၊ မိဘကို အပြစ်တင်လေ့ရှိတယ်၊ ကျောင်းမှာလည်း ဖယ်ကြဉ်ခံရတယ်၊ လက်နက်တွေအကြောင်း စိတ်ဝင်စားတယ်၊ တနေ့မှာ သူက ဂရုပ်ဖ်ထဲကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပုံတွေ တင်လာတာကြောင့် အက်ဒမင်က သူ့ကိုအဖွဲ့ထဲက ပယ်ထုတ်လိုက်တယ်၊ အဲဒီအပေါ် မကျေနပ်တာများလားလို့ သူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာ ရေးထားပါတယ်။ 

ပစ်ခတ်မှုမတိုင်ခင်က လူငယ်ဟာ တွီစ်တာထဲကနေ “အရာရာပျက်သုဉ်းပြီ၊ ဒီကနေ့ ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့၊ Ray (သူ့ကို အဖွဲ့ထဲက ဖယ်ရှားသူ) ဖြစ်ပျက်လာတဲ့ကိစ္စတွေပေါ် ဒီဂရုပ်အနေနဲ့ တာဝန်ယူရမယ်”စတဲ့ အဓိပ္ပါယ်ရစကားလုံးတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတယ်လို့  PPTV36 တီဗွီသတင်းမှာ ဖော်ပြပါတယ်။

ပထုမ်ဝမ်နယ်မြေရဲစခန်းကတော့ အဆိုပါလူငယ်ကို ပုဒ်မ ၅ ခုနဲ့ စွဲချက်တင်ထားတဲ့အပြင် သူ့ကို သေနတ်ရောင်းချပေးသူ၊ သေနတ်ပြင်ဆင်တပ်ဆင်ပေးသူ၊ ကျည်ဆန်တွေ ရောင်းချပေးသူ လူ ၃ ဦးကို ဖမ်းဆီးထားပါတယ်။

မိဘဖြစ်သူတွေကိုလည်း ခေါ်ယူစစ်ဆေးနေပြီး နောက်ထပ် အရေးယူခံရမယ့်သူတွေ ရှိသေးတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့် ဘယ်သူဘယ်ဝါတွေဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ 

ပြည်ထဲရေးဝန်ကြီး အနုထင်း ချန်းဝီရကွန်းကတော့ အခင်းဖြစ်တဲ့နောက် ထိုင်းနိုင်ငံမှာ သေနတ်ရောင်းချတာ၊ ဝယ်ယူတာ၊ လက်ဝယ်ထားရှိတာ၊ လိုင်စင်ထုတ်ပေးတာတွေကို ဥပဒေပုဒ်မသစ်ထုတ်ကာ ပိုမိုတင်းကျပ် ကန့်သတ်ရမယ်လို့ ပြောသွားပါတယ်။ 

Source: TNews/ Ch7

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013