DVB Logo
Home
မြန်မာသတင်း
မြန်မာ့အကျပ်အတည်းဖြေရှင်းရန် တခုတည်းသော နည်းလမ်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဖြစ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
DVB
·
October 5, 2023
မြန်မာ့အကျပ်အတည်းဖြေရှင်းရန် တခုတည်းသော နည်းလမ်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဖြစ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
Donate to DVB

မြန်မာ့အကျပ်အတည်းကို အပြည့်အဝဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာစေဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၂ ရက်ကနေ ၄ ရက်အထိ ပြုလုပ်တဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ရဲ့ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု (General Debate) ဆိုင်ရာ အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာနိုင်ငံသားတွေအပေါ် တာဝန်မပျက်ကွက်စေရေးနဲ့ မြန်မာပြည်သူပြည်သားတွေကို ချန်လှပ်မထားခဲ့စေရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေက ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီး တိုးတက်မှုကို နောက်ပြန်ဆုတ်စေကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံအများအပြားမှာ လူမှုစီးပွားအခက်အခဲတွေ သိသိသာသာ ကြုံတွေ့ခဲ့ရတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ခံအရပ်သား အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် GDP တိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ပြင်းထန်တဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုရှိခဲ့ပေမယ့် ရွေးကောက်ခံ အစိုးရက သင့်လျော်တဲ့ လူမှုစီးပွားသက်သာမှု အစီအမံတွေနဲ့အတူ သူတို့ရဲ့ ပြည်သူတွေ ကျန်းမာရေးကို အကာအကွယ်ပေးရင်း တည်ငြိမ်တဲ့တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကနေ လွတ်မြောက်ဖို့ အလားအလာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရားမဝင် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေက အစောပိုင်းက လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုအားလုံးကို ပြောင်းပြန်လှန်ကာ တနိုင်ငံလုံးကို ဖရိုဖရဲ အခြေအနေဆီ တွန်းပို့ခဲ့ပြီး ပိုမိုဆိုးရွားတဲ့ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်စေခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝနေထိုင်ရေးဟာ စိုးရိမ်ဖွယ် အခြေအနေ ရောက်နေပြီဖြစ်ကာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် လူပေါင်း ၂ သန်းနီးပါး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေကြရပြီး ၁၈ သန်းကျော်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကာ လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြရတယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရနိုင်တဲ့ အခြေအနေမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတာ၊ ဈေးနှုန်းတွေ တဟုန်ထိုး တက်တာ၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာ၊ စားနပ်ရိက္ခာ ရှားပါးတာ၊ ဆေးရုံ ဆေးပေးခန်း စာသင်ကျောင်းတွေ ဖျက်ဆီးခံရတာတွေ စတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲများစွာကို ပြည်သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီလို ခက်ခဲတဲ့အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပံ့ပိုးပေးဖို့အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်သူတွေအနေနဲ့လည်း အသေးစားစီးပွားရေးလုပ်ငန်းတွေ စတင်နိုင်စေရေး အကူအညီတွေ ရယူဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီးတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လူ့အခွင့်အရေးနဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုမပါဘဲ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုမရရှိနိုင်ဘူးလို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသွားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကနိုင်ငံတော်အာဏာကို မတရား ရယူသိမ်းပိုက်ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013