DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်စီးပွားရေးနှင့် နိုင်ငံတည်ငြိမ်ရေး မလုပ်ဆောင်နိုင်တော့ဟု မြန်မာသံအမတ်ကြီးပြော
DVB
·
October 5, 2022
စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်စီးပွားရေးနှင့် နိုင်ငံတည်ငြိမ်ရေး မလုပ်ဆောင်နိုင်တော့ဟု မြန်မာသံအမတ်ကြီးပြော
1 / 2
Donate to DVB

တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ စီးပွားရေးအရ ချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်တာအပါအဝင် အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ စစ်အာဏာရှင်အနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံတည်ငြိမ်ရေး တို့အတွက် လုပ်ဆောင်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုဆိုင်ရာအစည်းအဝေးကို နယူးယောက်မြို့မှာ  အောက်တိုဘာ ၄ ရက်ကကျင်းပရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေးပြန်လည်ထူထောင်ဖို့၊ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ဖို့နဲ့ ပြည်သူလူထုကို ပံ့ပိုးကူညီဖို့မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းနဲ့သာ ဆောင်ရွက်နိုင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ သိသိသာသာ တိုးတက်မှုတွေရရှိခဲ့ကြောင်း၊ ၁၉၈၇ ခုနှစ်မှစပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ  ဒီစာရင်းကနေ လွတ်မြောက်ဖို့  စံသတ်မှတ်ချက်သုံးခုစလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်နိုင်မယ့် အလားအလာ အပါအဝင် အရပ်သားအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ တရားမဝင်စစ်အာဏာသိမ်းမှုက အလုံးစုံတားဆီးပိတ်ပင်ခဲ့တယ်လို့ သံမတ်ကြီးက ပြောပါတယ်။

ဖက်ဆစ်စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် နေ့စဉ် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုဆိုးရွားလာစေကြောင်း၊ တရားဥပဒေစိုးမိုးမှု လုံးဝပျက်သုဉ်းခဲ့ပြီး ပြည်သူတွေဟာ အစိုးရအဖွဲ့အစည်းတွေအပေါ် လုံးဝအယုံအကြည်မရှိတော့ဘူးလို့လည်းပြောပါတယ်။

မြန်မာ့ငွေကြေးတန်ဖိုး သိသိသာသာလျော့ကျသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်လာကာ နိုင်ငံရဲ့ GDP ဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား နိုင်ငံတွင်းမှ စွန့်ခွာသွားတဲ့အပြင်  ခန့်မှန်းခြေ လူဦးရေ ၁၁ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရကာ ၁၄ ဒသမ ၄ သန်းကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ပြည်သူမနှစ်သက်တဲ့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာမဟုတ်လို့ ၂၀၃၀ အာဂျင်ဒါကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံသား အားလုံးက စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးတို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ပံ့ပိုးကူညီပေးဖို့ သံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းထံ မေတ္တာရပ်ခံလိုက်ပါတယ်။

Photo- Myanmar Misson

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013