
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အထောက်အထား တစုံတရာထုတ်ပေးဖို့ တောင်းဆိုသူ ၂ သန်းကျော် ရှိလာပြီလို့ ထိုင်းရောက် မြန်မာလုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ MMWRCCT က ထုတ်ပြန်ပါတယ်။
MMWRCCT ရဲ့ နိုဝင်ဘာ ၁ ရက်ကနေ စတင်ကောက်ယူခဲ့တဲ့ စစ်တမ်းအရ နိုဝင်ဘာ ၆ ရက် ညအထိ NUG ထုတ် အထောက်အထားကို လိုလားသူ ၂ သန်း ၁ သိန်း ၈ သောင်းကျော်ရှိပြီး မလိုလားသူ ၈၉၄ ယောက်သာ ရှိတယ်လို့ သိရပါတယ်။
အခုလို တောင်းဆိုရတာဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate of Identity- CI) မလုပ်နိုင်လို့ အထောက်အထားမဲ့ ဖြစ်သွားတဲ့ လုပ်သားတွေအတွက်သာမက မကြာခင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမဲ့ လုပ်သားတွေအတွက်ပါ ရည်ရွယ်တာလို့ MMWRCCT ယာယီကော်မတီအဖွဲ့ဝင် ကိုနေမျိုးဇင်က ပြောပါတယ်။
ဒီတောင်းဆိုမှုကို ထိုင်းအစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းဆီ တင်ပြသွားဖို့လည်း စီစဉ်ထားပါတယ်။
ကိုနေမျိုးဇင်က "ထိုင်းရောက် လုပ်သားထုတွေ ဘယ်လောက်ထိ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပေးတဲ့ တရားဝင်အထောက်အထားတခုကို လိုချင်နေသလဲ တောင်းဆိုနေသလဲဆိုတာ ဒီ ရက်ပိုင်းအနည်းငယ်ပဲ ရှိပါသေးတယ်။ လူဦးရေ သန်းဂဏန်းနီးပါး ပူးပေါင်းပါဝင်လာတဲ့ လှုပ်ရှားမှုကို ကြည့်ရင် အဖြေသိနိုင်ပါတယ်"လို့ ပြောပါတယ်။
ထိုင်းမှာ CI နဲ့ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါ စစ်တပ်ကို အခွန် ၂ ရာခိုင်နှုန်းနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုထံ ၃ လစာ ငွေလွှဲ အထောက်အထား ပြသရတာနဲ့ ပြည်တွင်းပြန်ပြီး သက်တမ်းတိုးရမဲ့ အခက်အခဲတွေကြောင့် လုပ်သားအများအပြား ပတ်စ်ပို့သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် လက်ရှိ CI စနစ်ကို အစားထိုးပြီး NUG က အထောက်အထားထုတ်ပေးဖို့နဲ့ အဲဒီအထောက်အထားကို ထိုင်းအစိုးရက အသိအမှတ်ပြုနိုင်ရေး နိုင်ငံတကာရဲ့ ပံ့ပိုးမှုရဖို့ ကြိုးပမ်းသွားမယ်လို့ MMWRCCT က ဆိုပါတယ်။
စစ်တမ်းကောက်ယူမှုကို နိုဝင်ဘာ ၈ ရက် ည ၁၂ နာရီအထိ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့် ကုလသမဂ္ဂထံ တင်ပြတောင်းဆိုသွားမယ်လို့ MMWRCCT က ထုတ်ပြန်ထားပါတယ်။











