Home
မြန်မာသတင်း
ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာလုပ်သားများထံမှ ဘတ်ငွေ ၁၁ သိန်းကျော် လိမ်လည် ထွက်ပြေး 
DVB
·
August 31, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆူကိုဝစ်နယ်မြေ၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာအလုပ်သမား အယောက်  ၄၀ ထံကနေ  ဘတ်ငွေ ၁၁ သိန်းကျော်ကို ဇူလိုင် ၂၉ ရက်မှာ လိမ်လည်ပြီး ထွက်ပြေးသွားတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရပါတယ်။

ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာအလုပ်သမား ၈ ဦးထံက စာအုပ်သက်တမ်း တိုးဖို့အတွက် ဆိုပြီး ဘတ်ငွေ ၁၃၂,၀၀၀၊ ၁၀ ဦး ထံက ပန်းရောင် အလုပ်သမားကတ်အတွက် ဘတ်ငွေ ၂၆၀,၀၀၀၊ ၂၂ ဦးထံက အလုပ်ရှင် ပြောင်းဖို့ ဘတ်ငွေ ၂၀၉,၀၀၀ စုစုပေါင်း ဘတ်ငွေ ၆၀၁,၀၀၀ လိမ်လည်သွားခဲ့တာပါ။

ဒါ့အပြင် မြန်မာအလုပ်သမားအယောက် ၄၀ အတွက် တစ်လလုပ်အားခ ဘတ် ၁၄,၀၀၀နဲ့ အမျိုးသမီးအလုပ်သမား ၁ ဦးရဲ့ တစ်လလုပ်အားခ ဘတ်ငွေ ၁၂,၀၀၀ စုစုပေါင်း ဘတ်ငွေ ၅၄,၄၀၀ ကိုလည်း လိမ်လည်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့ WAGအဖွဲ့က သွားပြီးဖြေရှင်းပေးထားပြီး ရုံးတွေကို အကြောင်းသွားကြားတဲ့အချိန်မှာ မြန်မာအလုပ်သမားတွေအတွက် ဘတ်ရိုက်ထားတဲ့ အမည်စာရင်းစာရွက်တွေ ပြန်ရရှိသွားပါပြီ။ သူတို့စာအုပ်တွေ သိမ်းထားတဲ့ဟာတွေလည်း ပြန်ရရှိသွားပြီ။ ကျနော်တို့တွေဘက်က ဘတ်ရိုက်တာ ၂၆,၀၀၀ ဆိုတဲ့ ငွေပမာဏဟာ အရမ်းများနေတာကြောင့် ညှိနှိုင်းတာမျိုးတွေ လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။

အလိမ်ခံရတဲ့ ကာယကံရှင် အလုပ်သမားတစ်ဦးက “အရင်သူဌေးထွက်သွားပြီးတော့ သူနဲ့အတူတူအလုပ်လုပ်တဲ့ သူဌေးပြောင်းသွားတယ်။ နောက် ပြောင်းလာတဲ့ သူဌေးက ကျနော်တို့ရမယ့် တစ်လစာကို လစာအပြည့်မပေးဘဲ တဝက်ပဲ ပေးမယ်လို့ပြောတယ်။ ကျနော်တို့ဘက်က ဘတ်ဖိုးတွေပေးထားတဲ့ ပိုက်ဆံတွေနဲ့ လစာအပြည့် လိုချင်တယ်။ ကျနော်တို့ဘက်က အလုပ်မဆင်းတဲ့အချိန်မှာ သူဌေးက အလုပ်မလုပ်ရင် အဆောင်ကနေ ထွက်ပေးရမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ လုပ်တယ်။ ကျနော်တို့လည်း ဒီဆောက်လုပ်ရေးမှာပဲ အလုပ်ဆက်လုပ်နေပြီး WAG အဖွဲ့က ကူညီဖြေရှင်းပေးနေပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအလုပ်သမားတွေက မြန်မာအလုပ်သမားအရာရှိသံရုံးကို ဆက်သွယ်အကြောင်းကြားရာမှာ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ အလုပ်သမားတွေကိုသာ ကူညီပေးမှာဖြစ်ပြီး အဆိုပါကိစ္စမှာ ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမား ၄၀ ယောက်ထဲမှာ အမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်ပြီး အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတာ ၂ လကျော်ရှိနေပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024