
ထိုင်းကတဆင့် ဂျပန်ကို အလုပ်ပို့ပေးမယ်ဆိုကာ ပွဲစားအမျိုးသမီး ၂ ယောက်က မြန်မာအလုပ်သမား ၁၁ ယောက်ဆီကနေ ကျပ်သိန်း ၃,၀၀၀ နီးပါး လိမ်သွားတယ်လို့ နစ်နာသူတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ အလိမ်ခံရသူတွေဟာ ထိုင်းမှာ ဒုက္ခရောက်နေတာကြောင့် အလုပ်သမားအရေးလှုပ်ရှားသူတွေက ကူညီပေးနေပါတယ်။
ဂျပန်နိုင်ငံက အထည်ချုပ်စက်ရုံအလုပ် ရမယ်ဆိုတဲ့ မက်လုံးပေး ခေါ်ဆောင်မှုနဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး မြန်မာနိုင်ငံကနေ ပြည်ပထွက်ချင်တဲ့ အမျိုးသမီး၊ အမျိုးသား လုပ်သားတွေကို ပစ်မှတ်ထားကာ ပွဲစားတချို့က လိမ်လည်ခေါ်ယူတာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်း အသက်အကျုံးဝင်သူတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားတာကြောင့် ထိုင်းကို ရရာ နည်းလမ်းတွေနဲ့ လာရောက်ပြီး၊ ထိုင်းကတဆင့် တခြားနိုင်ငံတွေကို အလုပ်သွားလုပ်နိုင်တယ်ဆိုတဲ့ ပွဲစားတွေရဲ့ လိမ်ညာခေါ်ယူတာကို ကြုံတွေ့ခဲ့ကြရတာပါ။
ပြည်တွင်းအထည်ချုပ်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးတွေကို ဂျပန်နိုင်ငံမှာ အလုပ်သွင်းပေးမယ် ဆိုကာ အွန်လိုင်းက ချိတ်ဆက်ပြီး ပွဲစားအမျိုးသမီးက တာချီလိတ်ဘက်ကတဆင့် ထိုင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံမှာ တနှစ်နီးပါးကြာတဲ့အထိ မပို့ပေးတာကြောင့် ထိုင်းမှာ အခက်အခဲဖြစ် ဒုက္ခရောက်နေတယ်လို့ နစ်နာသူ ကာယကံရှင် အမျိုးသမီးတယောက်က ပြောပါတယ်။
“ကိုယ့်စရိတ် မပါဘူးနော်။ ဂျပန်ကိစ္စ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပေးရတာကို သိန်း ၂၅၀ ကျော်တယ်။ အေဂျင်စီ ချိတ်ထားတယ်။ ဒီဘက် (ထိုင်း)ရောက်မှ အေဂျင်စီနဲ့ မိတ်ဆက်ပေးပြီးတော့ နင်တို့ကို သွင်းပေးမယ်ဆိုပြီး သူက ကြားခံပွဲစားအဖြစ်နဲ့ ညီမတို့ကို ခေါ်တာ။ ဒီဘက်ရောက်တော့ အေဂျင်စီကို မချိတ်ပေးဘူး။ စာချုပ်ချုပ်ရမယ်ဆိုပြီး လုပ်တာ ဘာစာချုပ်မှ မချုပ်ရဘူး။ ဘာအေဂျင်စီနဲ့မှလည်း မိတ်ဆက်မပေးဘူး။ ငါ့ကို ကျော်ပြီး ဘာမှမလုပ်နဲ့၊ ငါ အကုန်လုပ်ပေးမယ်၊ စိတ်မပူနဲ့၊ အဲဒီလို ပြောပြောပြီးတော့ပဲ ပိုက်ဆံတွေကို တောင်းတယ်။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ တောင်းတယ်။ အဲဒီလိုပဲ လေယာဉ်လက်မှတ် ဖြတ်ရမယ်၊ ဘိုကင်ယူထားတဲ့ စာရွက်တွေနဲ့ ပြပြီးတော့ပဲ တောင်းတာ အဲဒီလိုမျိုး ကြုံရတယ်။”
အစပိုင်းမှာ ဂျပန်အလုပ်အတွက် ကျပ်သိန်း ၉၀ ပေးခဲ့ရပြီး နောက်ပိုင်း လေယာဉ်လက်မှတ်၊ ဘိုကင်နဲ့ တခြားအကြောင်းပြချက်တွေပြပြီး ထပ်မံတောင်းခံတာကြောင့် စုစုပေါင်း ကျပ်သိန်း ၂၅၀ ကျော် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၈ ယောက် စုစုပေါင်း ၁၁ ယောက်အဖွဲ့ လိမ်လည်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစားတွေထဲက အမျိုးသမီးဟာ မလေးရှားနိုင်ငံကို ထွက်ပြေးသွားပြီး ကျန်ခဲ့တဲ့ တပည့်ဖြစ်သူက နစ်နာသူတွေကို ကျပ်သိန်း ၁၅၀ နှစ်ရစ်ခွဲပြီး ပြန်လျော်ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်း ဖုန်းမကိုင်တော့ဘဲ ရှောင်တိမ်းနေတယ်လို့ နစ်နာသူတွေက ပြောပါတယ်။ ဒီကိစ္စအတွက် နစ်နာသူတွေဟာ AAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံထားပါတယ်။
ထိုင်းရောက် အလုပ်သမားအရေး ကူညီပေးနေသူ ကိုကိုမောင်က “အခု လောလောဆယ် လက်ရှိတော့ အစ်ကိုတို့ကတော့ သူ့ကို ဒီ ပိုက်ဆံလျော်ကြေး ပြန်ရဖို့အတွက်ပဲ AAC ဦးခိုင်ကြီးတို့နဲ့ ပေါင်းပြီးတော့ ကူညီနေပါတယ်။ ဒီလို လိမ်ညာတဲ့အကြောင်းအရင်းက ဘယ်လိုဖြစ်လဲဆိုတော့ လက်ရှိက မြန်မာပြည်ရဲ့ အခြေအနေကလည်း မကောင်းတော့ လူတွေက ရရာပွဲစားနဲ့ အလုပ်ရဖို့ ပြည်ပထွက်လာကြတာ။ မြန်မာပြည်မှာလည်း မနေရဲကြဘူးလေ။ စစ်မှုထမ်းကိစ္စတွေနဲ့ဆိုတော့ လယ်ယာတွေရောင်း၊ အိမ်တွေအကုန်လုံး ရောင်းပြီး တချို့ဆိုရင်လည်း အိမ်တွေ မီးရှို့ခံရ နေစရာ မရှိတော့ မြန်မာပြည်မှာလည်း အလုပ်က အဆင်မပြေ၊ လုပ်စားရမဲ့ကံ မပြောနဲ့ စစ်မှုထမ်းကိစ္စကလည်း တမျိုးဆိုတော့ ပြည်ပကို ထွက်လာတော့ ပွဲစားတွေရဲ့ အကြိုက်ပေါ့။ ပွဲစားတွေက အဲဒီအချိန်မှာ အခွင့်အရေးယူပြီးတော့ လိမ်ညာကြတာပေါ့။ ကျနော်တို့ကတော့ အလုပ်သမားတွေဘက်က တတ်နိုင်သမျှ ရပ်တည်သွားမယ်လို့တော့ ယူဆထားပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာ၊ ပြည်ပထွက်ခွာလိုသူတွေ များလာတာနဲ့အတူ ပွဲစားတွေက ဒီအခြေအနေကို အသုံးချပြီး လိမ်လည်နေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်းကလည်း ဂျပန်နိုင်ငံကို အလုပ်ပို့ပေးမယ်ဆိုပြီး ထိုင်းကတဆင့် ဂျပန်ကို ပို့မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ လူ ၈၀၀ ကျော်ဆီကနေ တယောက်ကို ကျပ်သိန်း ၁၀၀ ကနေ ၂၀၀ ကျော်အထိ ငွေကြေးလိမ်ခံခဲ့ရတယ်လို့ ပြည်ပအလုပ်ရှာဖွေရေး အေဂျင်စီတွေဆီကနေ သိရပါတယ်။
၂၀၂၆ ခုနှစ်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အေဂျင်စီ ၂၆၀ ကျော်ကို နိုင်ငံခြားသားလုပ်သား ခေါ်ယူမဲ့ စနစ်သစ် ESD နဲ့ အလုပ်သမား စေလွှတ်ဖို့ သဘောတူ ခွင့်ပြုထားတယ်လို့ ပြည်ပအလုပ် အေဂျင်စီ အသိုင်းအဝန်းဆီကနေ သိရပါတယ်။











