
ရိုမေးနီးယားက နာမည်ကြီး နိုင်ငံရေးသမား ကာလင်ဂျော်ဂျက်စကူကို ယူရို ၁ ဒသမ ၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆ သန်း) လိမ်လည်မှုသံသယနဲ့ စစ်ဆေးနေတယ်လို့ အစိုးရရှေ့နေတွေက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခံထားရပေမဲ့ လူကြိုက်များဆဲဖြစ်တဲ့ ဂျော်ဂျက်စကူဟာ နိုင်ငံတော် လုံခြုံရေးကိုနှောင့်ယှက်ဖို့ ကြိုးပမ်းမှုနဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေက ဖက်ဆစ်ခေါင်းဆောင်တွေကို ထောက်ခံအားပေးမှုဆိုပြီး အမှုနှစ်ခုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဂျော်ဂျက်စကူ ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာ ရှေ့နေတွေက သူ့ရဲ့အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ပြီး လိမ်လည်မှု၊ ရာဇဝတ်ဂိုဏ်း ဖွဲ့စည်းမှုတွေနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဘူးဇော်ပြည်နယ်က လုပ်ငန်းရှင်တယောက်ကို နိုင်ငံခြားငွေကြေးအဖွဲ့အစည်းတခုကနေ ယူရို ၁၅ သန်းအထိ အကြွေးရအောင် လုပ်ပေးမယ်လို့ လှည့်စားပြီး ယူရို ၁ ဒသမ ၁ သန်း ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဂျော်ဂျက်စကူ နဲ့ တခြားသံသယရှိသူ ၂ ယောက်တို့ဟာ အဲဒီလို လှည့်စားခဲ့ကြတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။
စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားချိန်မှာ ရှေ့နေတွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဂျော်ဂျက်စကူ က သတင်းထောက်တွေကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
နေတိုး (NATO) နဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံဟာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှု ရှိတယ်ဆိုတဲ့ သံသယတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သမ္မတရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
ဂျော်ဂျက်စကူဟာ နေတိုး၊ ဘရပ်ဆဲလ်နဲ့ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအပေါ်ထောက်ခံမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူ တယောက်ဖြစ်ပါတယ်။
မော်စကိုကတော့ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အဲဒီနောက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ မေလမှာ ပြန်လည်ကျင်းပခဲ့ပြီး ဥရောပလိုလားတဲ့ အလယ်အလတ်ဝါဒီ သမ္မတ နီကူရှော် ဒန် က အနိုင်ရရှိသွားခဲ့ပါတယ်။
ရိုမေးနီးယားရဲ့ ရွေးကောက်ပွဲဖျက်သိမ်းခံရမှုကြောင့် မဲဆန္ဒရှင်တွေကြားမှာ အက်ကြောင်းထင်ခဲ့ပြီး နိုင်ငံတော်အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုကျဆင်းကာ လက်ယာစွန်းဝါဒီတွေကို အားပေး ထောက်ခံမှု ပိုများလာခဲ့ပါတယ်။
ရိုမေးနီးယားကို မဲဆန္ဒရှင်တွေအပေါ် သက်ရောက်မှုရှိစေဖို့နဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေကို အားနည်း သွားစေဖို့ရည်ရွယ်တဲ့ ဟိုက်ဘရစ်တိုက်ခိုက်မှုပုံစံတွေကို ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှု အများအပြားက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အဲဒီ လှုံ့ဆော်မှုတွေထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ လူထုအစည်းအဝေးပွဲတွေနဲ့ ရုရှားလိုလားတဲ့ ဝါဒဖြန့်ချိရေး လမ်းကြောင်းတွေနဲ့ဆက်စပ်နေတဲ့ အွန်လိုင်းမှတဆင့် သတင်းအမှားဖြန့်ဝေမှုတွေ ပါဝင်ပါတယ်။
မော်စကိုကတော့ သတင်းအမှားဖြန့်ဝေတဲ့ လှုံ့ဆော်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters











