
ရိုမေးနီးယား ရေပိုင်နက်ထဲမှာ ကျောက်ချရပ်နားထားတဲ့ ကုန်တင်သင်္ဘောတစင်းဟာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ သင်္ဘောသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ရိုမေးနီးယား အာဏာပိုင်တွေက ပြောပါတယ်။
ဒါဟာ NATO အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းအုပ်စုအနီးမှာ ရေကြောင်းသွားလာမှု အန္တရာယ် ကြီးမားနေကြောင်းကို ပင်လယ်နက်အတွင်း ဖြစ်စဉ်တွေထဲက နောက်ဆုံးဖြစ်ရပ်တခုပါ။
ကိုမိုရော့စ်နိုင်ငံ အလံတင်ထားတဲ့ ဓာတုပစ္စည်းနဲ့ ရေနံတင်သင်္ဘော 'Yara J' ပေါ်မှာ မီးလောင်နေကြောင်း သင်္ဘောဘက်က အကြောင်းကြားလာခဲ့တယ်လို့ ရိုမေးနီးယား ရေကြောင်းအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၁၄ ရက်က ပြောပါတယ်။
သင်္ဘောသားတွေကတော့ ဘေးကင်းလုံခြုံကြလို့ သင်္ဘောပေါ်ကနေ ထွက်ခွာခဲ့ကြပြီလို့ ဆိုပါတယ်။ ဒီသင်္ဘောဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ ဟုတ်၊ မဟုတ် မသေချာသေးဘူးလို့ ကာကွယ်ရေးဝန်ကြီး ရာဒူ မီရူတာက ပြောကြားခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အောက်တိုဘာ အစောပိုင်းကတည်းက NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့ရဲ့ ကမ်းရိုးတန်းအနီး ပင်လယ်နက်မှာ ကုန်တင်သင်္ဘော ၅ စင်း တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၂၃ ယောက်လောက် သေဆုံး၊ ပျောက်ဆုံးနေပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ဒရုန်းစစ်ဆင်ရေးတွေဟာ ပင်လယ်နက်အတွင်းက ကုန်တင်သင်္ဘောတွေအပေါ် ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတာကို ပေါ်လွင်နေပါတယ်။
Source: Reuters











