အင်ဒိုနီးရှား စက်ရုံ မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူများကို ဆက်ရှာနေ
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ပြည်နယ်က သကြားလုံးစက်ရုံတရုံအတွင်း နိုဝင်ဘာ ၂၁ ရက်က မီးလောင်ခဲ့ရာမှာ ရုပ်အလောင်းထည့်အိတ် ၂၄ အိတ်ကို ရဲတပ်ဖွဲ့က သယ်ထုတ်ခဲ့ပြီး ပျောက်ဆုံးနေသူ ၃၀ လောက်ကို နိုဝင်ဘာ ၂၃ ရက် ဒီမနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေး ပြန်စလုပ်ဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ စက်ရုံအဆောက်အအုံ အစိတ်အပိုင်းတွေ ပြိုကျနိုင်ခြေရှိပြီး မီးလောင်ရာနေရာမှာ မီးကြွင်းမီးကျန်တွေ ဆက်လောင်နေတာကြောင့် လုပ်ငန်းစဉ်တွေ အခက်အခဲရှိနေတုန်းပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းလို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေက မှတ်မိနိုင်စွမ်း မရှိတော့တဲ့အတွက် DNA မျိုးဗီဇ စမ်းသပ်စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာ အမြင်အာရုံနဲ့ ခွဲခြားသတ်မှတ်လို့ မဖြစ်နိုင်တော့သလို သေဆုံးသူအရေအတွက် အတိအကျကိုလည်း မသိနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကနဦးထုတ်ပြန်ချက်တွေမှာတော့ မီးလောင်မှုကြောင့် အနည်းဆုံး ၃ ယောက် သေဆုံးပြီး ၃၆ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
နောက်ပိုင်း ထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်အတွင်း ပါဝင်ခဲ့တဲ့ အလုပ်သမား ၆၅ ယောက်အနက် ၂၄ ယောက်က အိမ်ပြန်ရောက်ပြီဖြစ်ပြီး ၄ ယောက်က ဆေးကုသမှု ခံယူနေရသလို ၂၉ ယောက် ဆက်လက်ပျောက်ဆုံးနေကာ နောက်ထပ် ၈ ယောက်ရဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စက်ရုံဘက်က ပြောဆိုချက်ကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဆီက DNA နမူနာတွေကို ကောက်ယူ စုဆောင်းနေပြီး အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသတ်မှတ်ရာမှာ သုံးမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်အတွက် နှစ်ပတ်ကနေ သုံးပတ်လောက် ကြာမြင့်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
မီးလောင်ချိန်မှာ စက်ရုံအတွင်း လူ ၃၀၀ လောက် ရှိနေခဲ့တယ်လို့ စက်ရုံဘက်က ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source: Reuters











