
အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာနေချိန်မှာ သင်္ဘောတွေ ဆက်ပြီး တိုက်ခိုက်ခံနေရပြီး နိုဝင်ဘာ ၈ ရက်က ရိုက်ကူးရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစင်း မီးလောင်နေတာ တွေ့ရပါတယ်။
မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းပေါ်မှာ မီးခိုးမည်းတွေ အုံ့ဆိုင်းနေတာကိုလည်း မြင်တွေ့ရပါတယ်။
တနင်္ဂနွေနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော ၃ စင်းထဲမှာ ဒီသင်္ဘောလည်း ပါတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ရဲ့ အပြောကို ကိုးကားပြီး အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန IRIB က ဖော်ပြပါတယ်။
ဒီသင်္ဘောတွေက အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ခွင့်ပြုချက် မရှိတဲ့ လမ်းကြောင်းတွေကို သုံးခဲ့လို့ တိုက်ခိုက်ခံရတာလို့ IRGC က ဆိုပါတယ်။
တနင်္ဂနွေနေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ရိုက်တာသတင်းဌာနက အတည်ပြုထားတဲ့ ဗီဒီယိုဖိုင်တွေမှာ အိုမန်ကမ်းရိုးတန်းနားမှာ ရေနံတင်သင်္ဘောတစင်း မီးလောင်နေတာကို တွေ့ရပါတယ်။
သင်္ဘောခြေရာခံစနစ်အရ ဒီသင်္ဘောဟာ နိုဝင်ဘာ ၇ ရက်က ဖူဂျိုင်ရာဆိပ်ကမ်းမှာ ရှိနေခဲ့ပါတယ်။ သင်္ဘောပိုင်ရှင်နဲ့ လုပ်ငန်းလည်ပတ်သူဖြစ်တဲ့ Navig8 ကုမ္ပဏီရဲ့ ရှယ်ယာအများစုကို UAE နိုင်ငံ ADNOC ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီတခုက ပိုင်ဆိုင်ထားပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းမှာ အီရန်ပဋိပက္ခ စဖြစ်ချိန်ကစပြီး ဟော်မုဇ်ရေလက်ကြားနဲ့ အရှေ့အလယ်ပိုင်းဒေသ တဝိုက်မှာ ကုန်သွယ်ရေးသင်္ဘောတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ပေါင်း ၁၃၀ ရှိခဲ့တယ်လို့ နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း (IMO) က အတည်ပြုထားပါတယ်။
ဒီဖြစ်ရပ်တွေအတွင်း သင်္ဘောသား အယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြီးဆုံးသွားပြီးတဲ့နောက် အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၉ ရက်မှာ ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Source: Reuters











