ဘန်ကောက်တွင် မီးလောင်မှုကြီး ၂ ကြိမ်ဖြစ်ပြီး ၉ ဦး ဒဏ်ရာရ၊ ဆုံးရှုံးမှုများပြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ၂၄ နာရီတွင်း မီးလောင်မှုကြီး ၂ ကြိမ် ဖြစ်ပွားပြီး လူ ၉ ယောက် ဒဏ်ရာရကာ ဆုံးရှုံးမှုများပြားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပထမဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်က ဘန်ကောက်၊ ဖရခနုန်နယ်မြေ ဆုခုမ်ဝစ်လမ်း၊ ဆုခုမ်ဝစ်လမ်းသွယ် ၆၂ ရှိ ဘန်းကျတ် စက်သုံးဆီ ထုတ်လုပ်သိုလှောင်ရုံဝင်းထဲက ဖြစ်ပါတယ်။
ပထမဦးစွာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ အရင်ကြားရပြီး မီးတောက်မီးလျှံနဲ့ မီးခိုးမှိုင်းတွေ အလိပ်လိုက် ကောင်းကင်ပေါ်တက်လာတယ်၊ အနီးနားတဝိုက် သွားလာနေတဲ့ ယာဉ်တွေ အကုန် နောက်ကြောင်းပြန်လှည့်ကာ မီးလောင်နေရာကို ရှောင်ကွင်းလို့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့တယ်၊ အနီးနားရှိ စာသင်ကျောင်းက ကလေးတွေလည်း ကျောင်းစောစောလွှတ်ကာ ရပ်ကွက်နေ ပြည်သူတွေ အလန့်တကြား ထွက်ပြေးပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တယ်လို့ အဆိုပါရပ်ကွက်နေ ပြည်သူတွေက သတင်းထောက်ကို ပြောပါတယ်။
ဘန်နား၊ ဖရခနုန်၊ ဘန်နမ့်ပိန် စတဲ့နယ်မြေက မီးသတ်ကားတွေ လာရောက်ပြီး ဝိုင်းဝန်း ငြှိမ်းသတ်ရာမှာ ညနေ ၃ နာရီ ၁၅ မိနစ်မှာ မီးညွန့်ကျိုးသွားတယ်၊ အခင်းဖြစ်ရာနေရာကို ဝန်ကြီးချုပ် အနုထင်း ကိုယ်တိုင် လာရောက်စစ်ဆေးပြီး မီးငြိမ်းသွားပြီဖြစ်လို့ ပြည်သူတွေ ရွှေ့ပြောင်းဖို့ မလိုအပ်ကြောင်း၊ လေထုညစ်ညမ်းမှုလည်း တိုင်းတာ စစ်ဆေးနေကြောင်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်းကျတ်ကုမ္ပဏီကလည်း သူတို့စက်သုံးဆီဝင်း ဇုန် ၈ မှာ နေ့လယ် ၂ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားပြီး ၃ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားတယ်၊ မီးလောင်မှုဖြစ်တာနဲ့ စက်သုံးဆီထုတ်လုပ်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။
စက်ရုံရဲ့ လေထုညစ်ညမ်းမှု တိုင်းတာရေး ဖော်ပြချက်အရ မီးလောင်နေရာရဲ့ အနီးတဝိုက် ၃ ကီလိုမှ ၄ ကီလိုမီတာ အကွာအဝေးထိ လေထုသန့်ရှင်းမှု အခြေအနေ ပုံမှန်ဖြစ်နေတယ်၊ မီးလောင်မှုမှာ လူ ၉ ယောက် ဒဏ်ရာရပြီး ၂ ယောက် ဆေးရုံဆင်းသွားပြီဖြစ်ကာ ကျန် ၇ ယောက်ကိုလည်း အထူးကြပ်မတ် ကုသပေးနေတယ်၊ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာဏကိုတော့ စစ်ဆေးနေဆဲပဲလို့ ထုတ်ပြန် ကြေညာထားပါတယ်။
ဒုတိယဖြစ်စဉ်မှာ ဘန်ကောက်၊ ဘင်ကုမ်နယ်မြေ၊ ခလောင်းကုမ်ရပ်ကွက်၊ နာဝါမင် ၇၂ လမ်းထဲရှိ ပထဝီကွန်းဈေးထဲမှာ လောင်ကျွမ်းတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဈေးလယ်ခေါင် ဆိုင်ခန်းတခုက စတင် လောင်ကျွမ်းပြီး ကိုယ်တိုင်မီးငြှိမ်းဖို့ ကြိုးစားပေမဲ့ မီးရှိန်ပိုပြင်းလာတာကြောင့် မီးသတ်ဌာနကို အကြောင်းကြားလိုက်တာလို့ ဈေးလုံခြုံရေးအစောင့်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။
မီးစလောင်တဲ့ နေရာတဝိုက်မှာ တပတ်ရစ် အဝတ်အထည် အရောင်းဆိုင်တွေ ရှိတာကြောင့် လောင်စာတွေ အားဖြည့်လိုက်သလိုဖြစ်ပြီး အရှိန်ပြင်းပြင်းနဲ့ ကူးစက်လောင်ကျွမ်းတယ်၊ ဘင်ကုမ်၊ ဟိုမာက်၊ ဘန်ကပိ၊ လတ်ဖရော့ဝ်၊ ရန်းဆစ်နယ်မြေက မီးသတ်ကားတွေနဲ့ လာရောက် ငြှိမ်းသတ်ကြပြီး မနက် ၆ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဈေးကြီးရဲ့ အကျယ်အဝန်း ၇၀ ရာခိုင်နှုန်း (၉,၂၀၀ စတုရန်းမီတာ) ထိ လောင်ကျွမ်းပြီး ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးထဲပါသွားတယ်၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ အခင်းဖြစ်တဲ့ နေရာကနေ တိုက်ရိုက်သတင်းပေးပို့နေတဲ့ ထိုင်းရတ် ရုပ်သံသတင်းထောက်က ပြောပါတယ်။
မီးလောင်မှုကြောင့် ဆိုင်ခန်းဆုံးရှုံးသွားရသူတွေအတွက် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာနက တခန်းကို ဘတ် ၁၁,၄၀၀ ထောက်ပံ့ကူညီမယ်လို့ ကြေညာထားပြီး မီးလောင်ဈေးကြီးအနောက်ဘက် ခါးလ်စက်သုံးဆီဆိုင်မှာ ဒီကနေ့ညနေ ၄ နာရီမှာ လာရောက်ထုတ်ယူနိုင်တယ်၊ လက်ရှိ နစ်နာဆုံးရှုံးသူ ၂၀၈ ယောက် မှတ်ပုံတင်ထားပြီလို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။
စစ်တပ်နဲ့ ရဲယူနီဖောင်း အရောင်းဆိုင်ရှင်တယောက်ကတော့ သူ့ဆိုင်က ရှားပါးစစ်ယူနီဖောင်းတွေ၊ ဘယ်မှာမှ ဝယ်လို့မရတဲ့ ရှေးယူနီဖောင်းဝတ်စုံတွေပါ ပြသထားတာကြောင့် ဆုံးရှုံးမှုတန်ဖိုး မဖြတ်နိုင်ဘူးလို့ ကြေကွဲစွာနဲ့ သတင်းထောက်ကို ပြောပါတယ်။
Source: Khaosod/Thairath











