
အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းအလယ်ပိုင်း၊ ကာလီမန်တန်ပြည်နယ်ရှိ ပလန်ကာရာယာမြို့မှာ တောမီးမြူခိုးကြောင့် အသက်ရှူခက်နေသူတွေအတွက် ဒေသအာဏာပိုင်တွေက အောက်ဆီဂျင် ဘတ်စ်ကား စီစဉ်ပေးထားပါတယ်။
အဲဒီဘတ်စ်ကားမှာ အောက်ဆီဂျင်အိုးတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေ ပါဝင်ပါတယ်။ အသက်ရှူခက် တဲ့ ဒေသခံတွေကို နှာခေါင်းပိုက်ကတဆင့် တကြိမ် ၅ မိနစ်ကနေ ၁၀ မိနစ်အထိ အောက်ဆီဂျင် ပေးနေပါတယ်။
ဘတ်စ်ကားပေါ်က ဆေးဘက်ဝန်ထမ်းတယောက်ဖြစ်တဲ့ ယူဒါက လာရောက်သူ အများစုဟာ ချောင်းဆိုးပြီး အသက်ရှူခက်ကြတယ်လို့ ပြောပါတယ်။
“ဒါက သဘာဝဘေးအန္တရာယ်ပဲ၊ ကျမတို့လုပ်နိုင်တာ သိပ်မရှိဘူး” လို့ အောက်ဆီဂျင်ရှူနေတဲ့ အသက် ၄၄ နှစ်အရွယ် အော့တာဝီနာက ပြောပါတယ်။
ဒီနှစ် တောမီးလောင်ကျွမ်းမှုဟာ ဆယ်နှစ်ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်နေပါတယ်။ အားကောင်းတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ပြီး သစ်တောတွေနဲ့ သစ်ဆွေးမြေတွေ မီးလောင်လွယ်လာပါတယ်။
တချို့ဒေသတွေမှာ လေထုညစ်ညမ်းမှုညွှန်းကိန်း ၁,၀၀၀ ကျော်အထိ ရောက်ရှိနေပြီး ၃၀၀ ကစပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အဆင့် သတ်မှတ်ထားပါတယ်။
ဩဂုတ်လကနေ အောက်တိုဘာ ၂၅ ရက်အထိ တောမီးနဲ့ဆက်စပ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပွားမှု ၃ သိန်းခွဲလောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
Source: Reuters











