
အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်လို့ ထွက်လာတဲ့ မီးခိုးမြူပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးတွဲ အထူးလုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းဖို့ စဉ်းစားနေတယ်လို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
သီတင်းပတ် အများကြီးကြာအောင် တင်းမာနေခဲ့ပြီးတဲ့နောက် ၂ နိုင်ငံဆက်ဆံရေးကို ပြန်လည် ခိုင်မာစေဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံး တောမီး လောင်ကျွမ်းမှုတွေကြောင့် မီးခိုးမြူတွေ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ ကိစ္စတွေအတွက် စင်ကာပူနိုင်ငံအတွင်း စိတ်ပျက် ဒေါသထွက်မှုတွေ မြင့်တက်နေချိန်မှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ရဲ့ ဂျကာတာမြို့ ခရီးစဉ် ပေါ်ပေါက်လာတာပါ။
၂ နာရီကြာ ဆွေးနွေးပွဲအပြီးမှာ ၂ နိုင်ငံ ထိပ်တန်းသံတမန်တွေဟာ အထူးလုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အာရ်မာနာသာ နာဆီယာ က ပြောပါတယ်။
ဒီအဖွဲ့ဟာ ၂ နိုင်ငံကြား သတင်းအချက်အလက်တွေ မျှဝေတာ၊ နယ်စပ်ဖြတ်ကျော် သက်သေ အထောက်အထားတွေ စုဆောင်းတာ၊ တောမီးလောင်ကျွမ်းမှုတွေနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ကုမ္ပဏီတွေဆီက ပိုင်ဆိုင်မှုတွေကို ပြန်ရယူတာတွေ လုပ်နိုင်မှာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ အရင်တည်းက တောမီးလောင်ကျွမ်းမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကုမ္ပဏီတွေအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။
မီးခိုးမြူဒဏ်ကို အဦးဆုံး ခံစားရသူတွေက အင်ဒိုနီးရှားပြည်သူတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်စလုံးက အင်္ဂါနေ့မှာ ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ တောမီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိကြောင်း တွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဘာလာခရစ်ရှ်နန်က ကတိပြု ပြောကြားပါတယ်။
Source: Reuters











