DVB Logo
Home
မြန်မာသတင်း
အခွန်နှစ်ထပ်ကောက်ခံမှုကြောင့် စင်ကာပူရောက်မြန်မာများ ဝန်ထုပ်ဝန်ပိုးဖြစ်
ဝေဝေ
·
November 10, 2026
Photo: Embassy of Myanmar in Singapore
Photo: Embassy of Myanmar in Singapore
Donate to DVB

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်းတိုးရာမှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာအပြင် ၃ လစာ ၂၅ ရာခိုင်နှုန်း မိသားစုဆီ ငွေလွှဲထားတဲ့ အထောက်အထားကိုပါ ထပ်မံတောင်းခံလာတာကြောင့် ပတ်စ်ပို့ သက်တမ်းတိုးဖို့ ကုန်ကျစရိတ်နဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုကြုံတွေ့လာရတယ်လို့ စင်ကာပူရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်အရ PJ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေအနေနဲ့ စာအုပ်သက်တမ်းတိုးတာ၊ လဲလှယ်တာနဲ့ ဘယ်လိုအမျိုးအစားကနေ မဆို PJ ကို ပြောင်းလဲမဲ့သူတွေအတွက် လစဉ် လစာရဲ့ ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်တဲ့အပြင် မိသားစုဆီ လွှဲပို့ထားတဲ့ အနီးစပ်ဆုံး ၃ လ လစာရဲ့ ၂၅ ရာခိုင်နှုန်းတို့ကို ပေးသွင်းထားကြောင်း အထောက်အထားတွေ ပြသဖို့ လိုအပ်ကြောင်း သိရပါတယ်။

ဒီလို ကန့်သတ်ချက်တွေဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအပေါ် အခွန်နှစ်ထပ်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ပတ်စ်ပို့သက်တမ်းတိုးမဲ့သူတွေအတွက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမဲ့ ကြေညာချက်ကိုတော့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ မြန်မာသံရုံးက ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်ကတည်း စတင်အကျုံးဝင်ခဲ့တာဖြစ်ပြီး အခုခါမှာတော့ သတ်မှတ်ဘဏ်တွေကနေ ၃ လစာ လွှဲပြောင်းထားတဲ့ အထောက်အထားကိုပါ ထပ်မံတောင်းဆိုလာတာ ဖြစ်ပါတယ်။

S Pass နဲ့ အလုပ်လုပ်ကိုင်နေသူတယောက်က “အရင်တုန်းက စာအုပ်သက်တမ်းတိုးတဲ့အခါကျရင် အခွန် ၂ ရာခိုင်နှုန်း ဆောင်ရုံပဲ။ အခုကကျတော့ ၃ လစာ ၂၅ ရာခိုင်နှုန်းကို လွှဲပြီးတော့မှ စာအုပ် သက်တမ်းတိုးလို့ရမယ်။ ပိုက်ဆံလိုနေလို့ပေါ့ အဓိကကတော့ ရှင်းနေတာပဲ။ ပိုက်ဆံလိုနေလို့ မရမက ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ မျိုးစုံညှစ်ထုတ်နေတာ။ စာအုပ်အနီ ကိုင်ထားသရွေ့ကတော့ no choice ပဲ။ ဘာမှလုပ်လို့ မရဘူး။ ဒီလိုမျိုးနည်းနဲ့ ရမှန်းသိလို့ ဒီလိုနည်းတွေ လုပ်တာဆိုတော့ ပြည်သူတွေအတွက်ကတော့ no choice ပဲ။ ဘာမှလုပ်လို့မရဘူး။ အခွန်ဖိုးချည်းပဲ စင်ကာပူဒေါ်လာ ၁,၀၀၀ ပတ်ချာလည်လောက် ရှိမယ်ထင်တယ်။ သူတို့ သတ်မှတ်တဲ့ နှစ်ကနေ စတယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကလည်း ၁,၀၀၀ ကျော်ဆိုတော့ စာအုပ် တခါ သက်တမ်းတိုးဖို့ကို စင်ကာပူဒေါ်လာ ၂,၀၀၀ ကျော်လောက် ကုန်မှပဲ တိုးလို့ရမဲ့ပုံစံ ဖြစ်နေတာပေါ့” လို့‌ ပြောပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တွက်ချက်ထားပြီး Work Permit ကိုင်ဆောင်သူတွေရဲ့ အခြေခံလစာ တလ SGD ၅၀၀ အတွက် ၂၅ ရာခိုင်နှုန်း SGD ၁၂၅၊ Skill Pass (SP) ကိုင်ဆောင်သူတွေရဲ့ အခြေခံလစာ SGD ၁,၄၀၀ အတွက် SGD ၃၅၀၊ Permanent Residence (PR) ကိုင်ဆောင်သူတွေရဲ့ အခြေခံလစာ SGD ၁,၈၀၀ အတွက် SGD ၄၅၀ နဲ့ Employment Pass (EP) ကိုင်ဆောင်သူတွေရဲ့ အခြေခံလစာ SGD ၃,၀၀၀ အတွက် SGD ၇၅၀ အသီးသီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မိသားစု ဆွေမျိုးသားချင်းမရှိလို့ ငွေမလွှဲထားတဲ့ စင်ကာပူရောက် မြန်မာအလုပ်သမားတွေအတွက် ဘယ်လို စီမံလုပ်ဆောင်ပေးမလဲ ဆိုတာကလည်း မေးခွန်းတခု ဖြစ်နေပါတယ်။

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတယောက်က “မြန်မာနိုင်ငံနဲ့ စင်ကာပူကြားမှာလည်း အခွန်နှစ်ထပ် မကျစေဖို့ ဆိုပြီးတော့ သဘောတူစာချုပ် DTA ဆိုတာ ရှိတယ်ဗျာ။ အခု သူတို့ကကျတော့ ဘာလုပ်လဲဆိုတော့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ရမယ်လို့ ပြောနေတယ်ဗျာ။ အဲဒါက အဓိပ္ပာယ်မရှိဘူးဗျာ။ အခွန်နှစ်ထပ်ဖြစ်သွားတယ်။ အဲတော့ ပြည်ပရောက်နေတဲ့ လုပ်သားတွေ အကုန်လုံးက ကိုယ့်နိုင်ငံကို ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊ ဘယ်လောက်ပဲ သံယောဇဉ်ရှိပါတယ် ပြောပြော၊ အခုလို နည်းမျိုးစုံ၊ စနစ်နဲ့ ခက်ခဲအောင် လုပ်ထားတဲ့အခါကျတော့ ဘယ်သူက ကိုယ့်နိုင်ငံကို ငွေလွှဲချင်မှာလဲ။ ၂ ရာခိုင်နှုန်း အခွန်ကောက်ခံမှုအတွက် တွက်ချက်ပုံကလည်း အဆင်မပြေဘူး။ ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းကို လုပ်သားတွေရဲ့ မိသားစုနဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ပြန်လည်သုံးသပ်ပေးရမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုကို ရှောင်ရှားနိုင်ဖို့နဲ့ အခွန်ရှောင်တိမ်းမှုကို ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး DTA (Double Taxation Agreement) သဘောတူစာချုပ်ကို ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ချုပ်ဆိုခဲ့ပါတယ်။

စာချုပ်ပါ အခွန်ဆိုင်ရာ သတ်မှတ်ချက်တွေအရ နိုင်ငံတနိုင်ငံမှာ ပေးဆောင်ထားတဲ့ အခွန်ကို တခြားနိုင်ငံမှာလည်း ထပ်မံ အခွန်ပေးဆောင်ရခြင်း မရှိစေဖို့ သက်ဆိုင်ရာအခြေအနေတွေအလိုက် အခွန်ခရက်ဒစ်အဖြစ် အသိအမှတ်ပြုနိုင်ရေး အပါအဝင် အခွန်ကောက်ခံခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013