
တူရကီ၊ ကာတာ၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့နဲ့ ကာကွယ်ရေးစွမ်းရည်တွေကို ပိုမိုခိုင်မာစေဖို့အတွက် အောက်တိုဘာ ၂၁ ရက်က သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားချင်တဲ့ ဆန္ဒ၊ မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လိုတဲ့ ဆန္ဒတွေကို ပြသတဲ့အနေနဲ့ အဲဒီနိုင်ငံတွေဟာ "ဘာဒါနားလည်မှုစာချွန်လွှာ"ကို ဒိုဟာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဝန်ကြီးဌာနက ဆိုပါတယ်။
"ဒီသဘောတူညီချက်ဟာ စီးပွားရေးအရလည်း အရေးပါမှု အများကြီးရှိပါတယ်" လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာသင်တန်းတွေ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် "နိုင်ငံအသီးသီးရဲ့ သီးခြား စစ်ဘက်ထုတ်လုပ်မှု စွမ်းရည်တွေကို အသုံးချပြီး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို ပိုမိုလွယ်ကူစေမှာဖြစ်သလို၊ ကာကွယ်ရေးစက်မှုကဏ္ဍ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး မဟာမိတ်နဲ့ ချစ်ကြည်ရေးနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာပါ" လို့ ထပ်လောင်းပြောပါတယ်။
NATO ရဲ့ ဒုတိယအကြီးဆုံး စစ်တပ်နဲ့ ခိုင်မာတဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ တူရကီနိုင်ငံဟာ အီရန်စစ်ပွဲကာလအတွင်းမှာ စစ်အခြေစိုက်စခန်းတစ်ခု စိုက်ထူထားတဲ့ ကာတာအပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ကာကွယ်ရေးစွမ်းရည် တိုးတက်လာစေဖို့ ကူညီပေးနေတာ ဖြစ်ပါတယ်။
ဩဂုတ်လတုန်းကလည်း တူရကီဟာ နျူကလီးယားလက်နက်ပိုင် ပါကစ္စတန်၊ ဆော်ဒီအာရေးဗျတို့နဲ့ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်အရ အဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်ရင် အားလုံးကို တိုက်ခိုက်တာလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ တူရကီဟာ အင်ဒိုနီးရှားနဲ့လည်း စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစက်မှုကဏ္ဍမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာပါ။
ဘာဒါသဘောတူညီချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ဘုံရည်မှန်းချက်တွေ ရရှိစေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters











