
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ကာလီမန်တန်ဒေသမှာ တောမီးတွေ ဆက်လောင်နေလို့ မီးခိုးမြူထူတွေက နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး ဒေသတွင်း နိုင်ငံတွေအထိကို ဖုံးလွှမ်းနေပါတယ်။
ရေရှည်မိုးခေါင်ရေရှားနေချိန်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပေမဲ့ ဒီအခြေအနေကြောင့် နေ့စဉ်လူနေမှုဘဝတွေ ထိခိုက်ပြီး စီးပွားရေးလုပ်ငန်းတွေလည်း အခက်အခဲ ကြုံနေရပါတယ်။
မီးခိုးမြူထူတွေ ဖုံးလွှမ်းနေတာ ၃ လနီးပါး ရှိလာပြီဖြစ်ပြီး အခြေအနေ ပိုဆိုးလာခဲ့တယ်လို့ ပန်ကာလန်ဘန်မြို့က ဒေသခံတွေက ပြောပါတယ်။
ကိုတာ ဝါရင်ဂင်ဘာရတ်ခရိုင်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ တောမီးတွေ ဆက်လောင်နေပြီး မြေမျက်နှာသွင်ပြင် အခက်အခဲတွေနဲ့ အနားမှာ ရေအရင်းအမြစ် မရှိတာတွေကြောင့် မီးလောင်ပြင် နေရာတချို့ဆီ သွားဖို့ ခက်နေတာပါ။
ဇန်နဝါရီလကစပြီး ခရိုင်အတွင်း မီးလောင်ပြင် ၂၇,၈၇၈ နေရာကို မှတ်တမ်းတင်ထားတယ်လို့ ဒေသန္တရ ကပ်ဘေးလျော့ပါးရေးအေဂျင်စီ (BPBD) က ပြောပါတယ်။
မီးလောင်ပြင် ၂,၉၀၂ ဟက်တာကို လောင်နေတဲ့ မီးကို ငြှိမ်းသတ်ခဲ့ပြီး မီးသတ်စစ်ဆင်ရေး ၆၁၄ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရေရှည် မိုးခေါင်ရေရှားမှုက မီးသတ်တပ်ဖွဲ့တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်နေပြီး ရေရနိုင်မဲ့ နေရာတွေကို ရှာဖို့ ပိုခက်လာတယ်လို့ BPBDရဲ့ တာဝန်ရှိသူ ပါရူးလာဂျီက ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ လေထုအရည်အသွေးက ကျန်းမာရေးအတွက် မကောင်းတဲ့အဆင့်မှာ ရှိနေတာ သီတင်း ၂ ပတ် ကြာလာလို့ တာဝန်ရှိသူတွေက နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုအတွက် တာဝန်ရှိတဲ့ ကုမ္ပဏီတွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လေထုအရည်အသွေး စောင့်ကြည့်လေ့လာရေး ကုမ္ပဏီ IQAir ရဲ့ တိုင်းတာချက်အရ မနက် ၈ နာရီကနေ ၉ နာရီအတွင်း လေထုအရည်အသွေးညွှန်းကိန်း (AQI) က ၂၀၂ ရှိခဲ့ပြီး ကျန်းမာရေးအတွက် အလွန်မကောင်းတဲ့အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
နေ့လယ်ပိုင်းမှာ အညွှန်းကိန်းက ၁၆၃ ထိ ကျဆင်းလာခဲ့ပေမဲ့ ကျန်းမာရေးအတွက် မကောင်းမွန်တဲ့အဆင့်မှာ ရှိနေဆဲပါ။
အောက်တိုဘာ ၅ ရက်က စပြီး စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးက ကျန်းမာရေးအတွက် မကောင်းတဲ့အဆင့်မှာ ရှိနေခဲ့တာ ၁၄ ရက်ဆက်တိုက် ရှိလာပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆက်တိုက် အကြာရှည်ဆုံး ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှု ရာသီကို ရင်ဆိုင်နေရပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ ခြောက်သွေ့ရာသီဥတု အခြေအနေတွေကြောင့် မီးလောင်မှု ပိုဆိုးခဲ့ပါတယ်။
Source: Reuters











