မြေအောက်ပိတ်မိနေသည့် အင်ဒို မိုင်းလုပ်သား ၂၆ ဦး အနက် ၃ လောင်းတွေ့

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်က ရေလွှမ်းမိုးနေတဲ့ သတ္တုတွင်းတခုထဲမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမား ၂၆ ယောက်ကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေရာမှာ အင်ဒိုနီးရှားကယ်ဆယ်ရေး အဖွဲ့တွေက အလောင်း ၃ လောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သတ္တုတွင်းလိုဏ်ခေါင်းထဲ ရေလွှမ်းမိုးသွားခဲ့တဲ့အတွက် သတ္တုတွင်းလုပ်သားတွေဟာ နိုဝင်ဘာ ၂၃ ရက်ကတည်းက အနက် မီတာ ၁၀၀ ရှိတဲ့ သတ္တုတွင်းထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
သတ္တုတွင်းထဲ ဝင်ရောက်ရတဲ့ လမ်းကြောင်းက ကျဉ်းမြောင်းသလို မြေမျက်နှာသွင်ပြင်ကလည်း ချောကျိပြီး မှောင်မဲနေတယ်လို့ အေဂျင်စီက ထပ်လောင်း ပြောပါတယ်။
ဘယ်သူဘယ်ဝါမှန်း မခွဲခြားနိုင်သေးတဲ့ အဲဒီအလောင်း ၃ လောင်းကို အနက် မီတာ ၃၀ ကနေ ၄၀ ကြားကနေ ပြန်လည်ဆယ်ယူ ရရှိခဲ့တာဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် အာဏာပိုင်တွေက သတ္တုတွင်းထဲက ရေတွေကို စုပ်ထုတ်နေတယ်လို့ အေဂျင်စီက ဆိုပါတယ်။
သတ္တုတွင်းအနီးက ပျောက်ဆုံးသူများစုံစမ်းရေးစခန်းမှာ လာရောက်စောင့်ဆိုင်းနေတဲ့ အသက် ၅၀ အရွယ် ယူယူက သူ့ရဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ ဟိုင်ကယ်လ်ဟာ အဲဒီနေရာမှာ အလုပ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း သူ့ကို ပြောပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။
သားဖြစ်သူကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သူ့ဆီ အိမ်ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။
သယံဇာတ ပေါကြွယ်ဝတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တွင်းထွက်သယံဇာတတွေဟာ အာဏာပိုင်တွေ ကြပ်မတ်ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ တည်ရှိနေတာကြောင့် အသေးစားနဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source: Reuters











