အင်ဒိုနီးရှား တရားမဝင် ရွှေတွင်းပြိုကျမှု ပိတ်မိနေသူ ၁၃ ဦးအလောင်း ဆယ်ယူရရှိ

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်က တရားမဝင် ရွှေတွင်းတခုထဲမှာ မြေအောက်ပိတ်မိ နေတဲ့ အလုပ်သမား ၁၃ ယောက်ကို ကယ်ဆယ်ရေးသမားတွေက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြန်လည် ရှာဖွေသွားမှာဖြစ်ပြီး၊ နောက်ထပ် ၁၃ ယောက်ကတော့ သေဆုံးသွားပြီလို့ အတည်ပြုထားကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောပါတယ်။
မြို့တော် ဂျာကာတာရဲ့ တောင်ဘက် ဘိုဂေါဒေသမှာ တနင်္လာနေ့က စုစုပေါင်း အလုပ်သမား ၂၆ ယောက် သတ္တုတွင်းထဲ ဝင်ရောက်လုပ်ကိုင်နေချိန်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တွင်းထဲ ရေတွေပြည့်လျှံ ဝင်ရောက်လာပြီး မြေအောက် မီတာ ၁၀၀ (၃၂၈ ပေ) အနက်မှာ ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ၁၃ ယောက်ထဲက ၆ ယောက်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ် အတည်ပြုနိုင် ပြီလို့ အနောက်ဂျာဗား ရဲချုပ် ဟန်ကီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရာသီဥတု ဆိုးရွားမှုသာ မရှိဘူးဆိုရင် ကြာသပတေးနေ့မှာ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ် သွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။
သတ္တုတွင်းထဲကို ဝင်တဲ့ အခေါင်းပေါက်ဟာ ကျဉ်းမြောင်းပြီး ချောမွတ်နေသလို မှောင်မည်းနေတဲ့ အခြေအနေကြောင့် အထဲကို ဝင်ရောက်ကယ်ဆယ်ဖို့ ပိုပြီးခက်ခဲနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သတ္တုအရင်းအမြစ်တွေဟာ အာဏာပိုင်တွေ ထိန်းချုပ်ကြီးကြပ်ဖို့ ခက်ခဲတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ တည်ရှိနေတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ အသေးစားနဲ့ တရားမဝင် သတ္တုတူးဖော်မှု တွေကနေ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်သတ္တုတွင်းကုမ္ပဏီ အန်တမ် ကတော့ အခုဖြစ်စဉ်ဟာ တရားဝင် ခွင့်ပြုချက်မရှိတဲ့ တွင်းတခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အစိတ်အပိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။
Source:Reuters











