ICJ စီရင်ချက်ကို လေးစားကြောင်းနှင့် ရိုဟင်ဂျာများကို အကာအကွယ်ပေးရန် အင်ဒိုနီးရှား တိုက်တွန်း

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တာဝန်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က သမိုင်းဝင် စီရင်ချက် ချမှတ်ခဲ့ပြီးနောက် ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေနဲ့ တခြားအရပ်သားတွေအတွက် အကာအကွယ်ပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ဂျကာတာမြို့မှာ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗာ့ဒ်နာဘေးအေမူလာချီလာကပြောကြားလိုက်တာလို့ ANTARA သတင်းမှာ ဖော်ပြပါတယ်။
ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပြီး နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရေး အဖွဲ့အစည်းအပေါ် ဂျကာတာအစိုးရရဲ့ ကတိကဝတ်ပြုမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ နာဘေးက "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပြန်လည် ထူထောင်ပေးတာ အပါအဝင် ရိုဟင်ဂျာပြည်သူတွေရဲ့ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ ပြည့်ဝစွာ ရရှိစေဖို့အပြင် မြန်မာပြည်သူအားလုံးကို အကာအကွယ်ပေးဖို့က လက်ရှိအချိန်မှာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ အင်ဒိုနီးရှားက ယုံကြည်ပါတယ်" လို့ ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းစစ်အတွင်း အရပ်သားတွေကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးရေးဟာ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ရှိနေရမယ်လို့လည်း သူက အလေးပေး ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အခုစီရင်ချက်ကို အခွင့်အလမ်းတရပ်အဖြစ် အသုံးချပြီး မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းနေ တာလို့ နာဘေးက ဆိုပါတယ်။
အင်ဒိုနီးရှားအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ရာမှာ လွယ်ကူချောမွေ့စေရေးနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ သူက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး နိုဝင်ဘာ ၁၉ ရက်မှာ ICJ တရားရုံးက စီရင်လိုက်တာဖြစ်ပါတယ်။
ဒီစီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ တာဝန်သိနိုင်ငံတနိုင်ငံ အနေနဲ့ လုပ်ဆောင်ဖို့သင့်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ လိုက်နာဖို့ မသင့်တာတွေကို လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Source: ANTARA











