ICJ စီရင်ချက်အပေါ် လုပ်သင့်တာပဲလုပ်မည်၊ ဂျီနိုဆိုက်လက်မခံဟု စစ်အာဏာရှင်ပြော

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင်ချက်အပေါ် လုပ်သင့်တာပဲ လုပ်သွားမယ်လို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ သူ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
ICJ ရဲ့ မဲခွဲဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တာဝန်သိနိုင်ငံတနိုင်ငံအနေနဲ့ လုပ်ဆောင်ဖို့ သင့်တာ တွေကို လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ လိုက်နာဖို့ မသင့်တာတွေကို လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ဘူး စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
လူမျိုးတုံးစေမှု (Genocide) အသုံးအနှုန်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး နိုင်ငံခေါင်းဆောင် တယောက် ဖြစ်တဲ့အတွက် နိုင်ငံကို ထိပါးလာတဲ့ ကိစ္စမှန်သမျှကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
၇ နှစ်တာကာလအတွင်း တရားရုံးရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ခဲ့သလို တရားရုံးကို လျှောက်လဲချက်တွေ တင်သွင်းတာမှာလည်း သက်ဆိုင်ရာအချက်အလက်တွေ၊ မှတ်တမ်းတွေနဲ့ သက်သေအထောက်အထားတွေကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။
အာဆီယံနဲ့ပတ်သက်ပြီးလည်း အာဆီယံပဋိညာဉ်တွေနဲ့ မူဝါဒတွေ အသက်ဝင်နေပြီး မပျက်ပြယ် သရွေ့ ဒီအပေါ် အခြေခံပြီး လိုက်နာဆောင်ရွက်သွားမှာဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း အာဆီယံပဋိညာဉ်တွေကို လိုက်နာဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ တည်ဆဲဥပဒေတွေ ကို လေးစားလိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။
အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားဖို့ အစိုးရအနေနဲ့ဆုံးဖြတ်ထားတယ်လို့ နိုဝင်ဘာ ၁၈ ရက်က စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စု လွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောထား ပါတယ်။











