ရိုမေးနီးယားရေပိုင်နက် ပြင်ပမှာ သင်္ဘောတစင်း မီးလောင်ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ကာ တချို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရိုမေးနီးယား အာဏာပိုင်တွေက အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
ရိုယာ့ဒ် မမ်မာဒို့ဗ် အမည်ရှိ သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီမတော်တဆဖြစ်ရပ်မှာ သင်္ဘောသား ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရိုမေးနီးယား ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရေကြောင်းအာဏာပိုင် အဖွဲ့တို့က ပြောပါတယ်။
ဗီဒီယိုထဲမှာ တွေ့ရတဲ့ ရေယာဉ်ဟာ သင်္ဘောရဲ့ ကုန်းပတ်ဒီဇိုင်းနဲ့ အရင်မှတ်တမ်းပုံတွေ တိုက်ဆိုင်နေတာကြောင့် ရိုယာ့ဒ် မမ်မာဒို့ဗ် သင်္ဘောဖြစ်နေတာကို ရိုက်တာသတင်းဌာနက အတည်ပြုခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်က ရိုမေးနီးယားကမ်းလွန်အနီးမှာ ရှိနေတဲ့ သင်္ဘောရဲ့ သင်္ဘောခြေရာခံ အချက်အလက်တွေအရ အဲဒီနေရာကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။










