DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်အကိုင် လိမ်လည်မှုနှင့် ပြန်ပေးဆွဲမှုများ သတိထားကြရန် တရုတ်သံရုံး သတိပေး
DVB
·
October 20, 2026
Photo: Chinese Embassy 
Photo: Chinese Embassy 
Donate to DVB

ထိုင်းနိုင်ငံထဲ ရောက်ပြီးမှ ပျောက်သွားတာ၊ မတရား ဖမ်းဆီးချုပ်နှောင်ခံရတာနဲ့ ထိုင်း-မြန်မာနယ်စပ်ဘက်ကို လှည့်ဖြား ခေါ်ဆောင်ခံရတာမျိုးတွေ ရှိနေလို့ ထိုင်းမှာရှိတဲ့ တရုတ်သံရုံးက သူ့နိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ထိုင်းကိုလာအောင် လစာကောင်းကောင်းပေးမယ် ဆိုတဲ့ အလုပ်အကိုင် ကမ်းလှမ်းချက်တွေ၊ စီးပွားရေးခရီးစဉ်တွေ၊ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေနဲ့ ဖျော်ဖြေရေး ဖိတ်ခေါ်မှုတွေကို အသုံးပြုပြီး စည်းရုံးနေကြတာပါ။

ဒါ့အပြင် ရိုက်ကူးရေးလုပ်မယ်၊ ဖျော်ဖြေပွဲလုပ်မယ်ဆိုပြီး အတုအယောင် ကမ်းလှမ်းချက်တွေနဲ့ လိုက်ဖ်လွှင့်သူတွေနဲ့ အနုပညာရှင်တွေကို ပစ်မှတ်ထား လိမ်လည်နေတာတွေကိုလည်း သတိပေးထားပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို သေချာ စိစစ်ကြဖို့၊ တရားဝင် ခရီးသွားလာရေး ဝန်ဆောင်မှုတွေကိုပဲ သုံးကြဖို့နဲ့ တခြားသူတွေရဲ့ ကားကြုံလိုက်ဖို့ ခေါ်တာ ဒါမှမဟုတ် ဖိတ်ခေါ်တာတွေကို လက်ခံတဲ့အခါ သတိထားကြဖို့ သံရုံးက တိုက်တွန်းထားပါတယ်။

ခရီးသွားတွေအနေနဲ့ ပုံမှန်မဟုတ်ဘဲ လစာအများကြီး ပေးမယ်ဆိုတာတွေ၊ အလုပ်အကြောင်း သေချာမရှင်းပြတာတွေနဲ့ ရင်းနှီးမြှုပ်နှံရင် အမြတ်အတိအကျ ရမယ်လို့ ကတိပေးတာတွေကို သတိထားသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်နားက အန္တရာယ်များတဲ့ ဧရိယာတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့လည်း သံရုံးက သတိပေးထားပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ မိသားစုဝင်တွေကို မိမိတို့သွားမဲ့ ခရီးစဉ်အသေးစိတ် ပြောပြထားကြဖို့၊ ဖုန်းလိုင်း အမြဲမိအောင် ထားကြဖို့နဲ့ ပတ်စ်ပို့ ဒါမှမဟုတ် ဘဏ်ကတ်တွေကို တခြားသူတွေဆီ မပေးကြဖို့ တိုက်တွန်းထားပါတယ်။

သွားလာလှုပ်ရှားခွင့် ပိတ်ပင်ခံရသူတွေ ဒါမှမဟုတ် မသိတဲ့နေရာတခုခုကို သွားဖို့ တောင်းဆိုခံရသူတွေ အနေနဲ့ ထိုင်းရဲတပ်ဖွဲ့ဆီက အကူအညီတောင်းသင့်ပြီး တရုတ်သံရုံး/သံတမန်ရုံးတွေကို ဆက်သွယ်ဖို့ အကြံပြုပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေ အနေနဲ့လည်း သက်ဆိုင်ရာကို ချက်ချင်း သတင်းပို့ တိုင်ကြားသင့်ပြီး ရဲဆီကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား၊ ခရီးသွားမှတ်တမ်းနဲ့ နောက်ဆုံး သိခဲ့ရတဲ့ တည်နေရာတွေကို ပေးပို့ဖို့လည်း တိုက်တွန်းပါတယ်။

Source: Khaosod English

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013