DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကျော်အမှတ်တံဆိပ် အထည်ချုပ်လုပ်ငန်းများ မြန်မာပြည်မှ ထွက်ခွာရန် တောင်းဆို
DVB
·
August 28, 2023
ကမ္ဘာကျော်အမှတ်တံဆိပ် အထည်ချုပ်လုပ်ငန်းများ မြန်မာပြည်မှ ထွက်ခွာရန် တောင်းဆို
Donate to DVB

မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို တားဆီးပိတ်ဆို့တဲ့အခါ နိုင်ငံခြားငွေ ရလမ်းတခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းမှာလည်း ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် Brand တွေ မြန်မာပြည်ကနေ ထွက်ခွာဖို့ အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့တွေက တိုက်တွန်းတောင်းဆို ပါတယ်။

မြန်မာနိုင်ငံမှာ အထည်အပ်နေတဲ့ ဘရန်းဒ်တွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တာဝန်ယူတာဝန်ခံမှု မရှိသလို ဒေါ်လာဈေး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့ကို လျစ်လျူရှုခဲ့ကြတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

နိုင်ငံခြားငွေ လိုအပ်နေတဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကို ဖြတ်တောက်ဖို့ဆိုရင် အထည်ချုပ် ကဏ္ဍမှာ Brandတွေကိုပါ ပိတ်ဆို့ အရေးယူသင့်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ မခက်ဆစ်က "အကြမ်းဖက် စစ်တပ်ရဲ့ လက်အောက်မှာ ကျမတို့ အလုပ်သမားတွေ ရတဲ့ ဝင်ငွေ ၄၈၀၀ ကျပ်ထက် ပိုမရဘူး။ ပြီးတော့ အလုပ်သမား အခွင့်အရေးတွေ အခြေခံစံနှုန်းတွေက ပိုပိုဆိုးရွားလာတာပဲ ရှိတယ်။ Brand နဲ့ လုပ်လို့ ပိုရတာ မရှိသလို ထိုင်းနဲ့ လုပ်လို့၊ တရုတ်နဲ့ လုပ်လို့၊ အိန္ဒိယနဲ့ လုပ်လို့ဆိုပြီး ကျမတို့ ပိုရလာစရာ အကြောင်း မရှိဘူး။ ဒါပေမဲ့ Brand တွေနဲ့ လုပ်လို့ အကြမ်းဖက် စစ်တပ် အုပ်စုသည် သူတို့ရဲ့ Reputation ဂုဏ်သိက္ခာ ပိုတက်တယ်။ Recognition (အသိအမှတ်ပြုမှု) ပိုရတယ်။ ပြီးတော့ ဒေါ်လာငွေ ပိုရတယ်။ လက်နက်ဝယ်ဖို့ ပိုပြီးတော့ နိုင်ငံခြားငွေ ပိုရတယ်။ အဲဒီအခါ ကျမတို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ကျမတို့ လုပ်ရမယ့် အလုပ်က ရှင်းတယ်။ အဲ့တော့ Brand တွေရဲ့ အကြမ်းဖက် စစ်တပ်ပေါ်မှာ အသိမှတ်ပြုလုပ်နေတဲ့ လုပ်ငန်းတွေကိုပါ ကျမတို့က ရပ်တန့်ဖို့ ကြိုးစားတယ်။ အဲဒါကြောင့်မို့လို့ H&M, Zara အစရှိသဖြင့် ဒီအထည်ချုပ်လုပ်ငန်းမှာ လုပ်နေတဲ့ Brand တွေကိုပါ ကျမတို့က ပိတ်ဆို့ အရေးယူဖို့ ကြိုးစားတယ်။ အဲ့တော့ နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စီးပွားရေးကိုပါ ဖြတ်တောက်ဖို့ ဆိုရင် ဒီလို ဘရန်းဒ်တွေရဲ့ စီးပွားရေးလုပ်ငန်းကိုပါ ကျမတို့က ရပ်တန့်ဖို့ ကြိုးစားဖို့လိုတယ်။ အဲဒါကို ကျမတို့ ကြိုးစားနေတယ်"လို့ ပြောပါတယ်။

ပြည်တွင်း အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ အခြေခံလုပ်အားခ တရက်ကို မြန်မာငွေ ၄၈၀၀ ကျပ်သာ ရရှိနေတာပါ။ အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄၈၀၀ ကို တိုးပေးဖို့ တောင်းဆိုခဲ့တာ ၅ နှစ်ကျော်ပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ လုပ်ခလစာ မတိုးမြင့်သေးပါဘူး။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်ကုမ္ပဏီ H&M ကုမ္ပဏီအနေနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ တိုင်ကြားလာတဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း အမှု ၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။

H&M အပါအဝင် တခြား နာမည်ကြီး Brand တွေအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မကာကွယ် မပေးနိုင်ရင် ထွက်သွားတာ အကောင်းဆုံးပဲလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်သူ တယောက်က "ဒီ Brand တွေက လက်ရှိ မြန်မာနိုင်ငံမှာ ချုပ်နေတယ်။ မြန်မာနိုင်ငံက အနိမ့်ဆုံး လုပ်ခလစာက ၄၈၀၀ ဆိုတာကို သူတို့ သိတယ်။ အဲဒီ ၄၈၀၀ အပေါ်မှာ ဒေါ်လာဈေးတွေ ဒီလောက် တက်နေတဲ့ အပေါ်မှာ သူတို့ ဒီလောက် အမြတ်အစွန်းတွေ ရပါလျက်နဲ့ အီးယူရဲ့ ကုန်သွယ်ခွင့်တွေကို ရထားပါလျက်နဲ့ အခွန်မပေးရဘဲနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဘယ်လောက် တိုးပေးခဲ့လဲ။ သူတို့ ချုပ်အပ်တဲ့ စက်ရုံတွေ အပေါ်မှာ ဘယ်လောက်တိုးပေးခဲ့လဲ။ လုပ်ခလစာ မတိုးပေးဘူးထား။ တခြားသော ထပ်ဆောင်း အပိုငွေတွေ ဘယ်လိုများပေးခဲ့လဲ။ ဘာတခုမှ မပေးခဲ့ဘူး။ ပုံမှန် ပြည်တွင်းက အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ အတူတူပဲ။ ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်တွေက Local Brand ကို ချုပ်ရလို့၊ တဆင့်ခံ ချုပ်ရလို့ သူတို့ တဆင့်ယူရလို့ ဒီလိုမျိုးလုပ်နေတယ်လို့ ပြောရင် သူတို့ တိုက်ရိုက်လာအပ်တဲ့သူတွေက ဒီလူတွေ မှီပြီး ဒီလိုပဲ လုပ်နေတာ။ ငွေကြေး တစုံတရာ တိုးပေးတာတို့ အလုပ်သမား အခွင့်အရေးပေးတာတို့၊ အလုပ်သမား သမဂ္ဂဖွဲ့ခွင့် ပေးတာတို့ ဘာတခုမှ မရှိဘူး"လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လ ပထမပတ်အတွင်းကလည်း နာမည်ကျော် အမှတ်တံဆိပ် Zara အပါအဝင် ဂျာမန် အားကစား အဝတ်အထည် ကုမ္ပဏီ Jako တို့ မြန်မာနိုင်ငံမှာ အထည်အော်ဒါပေးတာ ရပ်ဆိုင်းဖို့ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားပေါင်း ၁၀၈,၀၀၀ ကို ကျုးလွန်တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုပေါင်း ၂၁၂ မှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဗြိတိသျှအခြေစိုက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ BHRRC က ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013