DVB Logo
Home
မြန်မာသတင်း
မြန်မာအထည်ချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို H&M စုံစမ်းစစ်ဆေး
DVB
·
August 17, 2023
မြန်မာအထည်ချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို H&M စုံစမ်းစစ်ဆေး
Donate to DVB

ကမ္ဘာအနှံ့ အဝတ်အထည်တွေ ထုတ်လုပ်ရောင်းချနေတဲ့  H&M ကုမ္ပဏီဟာ မြန်မာပြည်က သူ့ရဲ့ အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်ပေါင်း ၂၀ ကို  စုံစမ်းစစ်ဆေးနေပြီလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 

H&M ကုမ္ပဏီဟာ ဖက်ရှင်နဲ့ အဝတ်အထည်တွေကို ဖြန့်ဖြူးရောင်းချနေတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး  အထင်ကရ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

မြန်မာ့အထည်ချုပ်စက်ရုံတွေကနေ အဝတ်အထည်တွေ ဝယ်ယူနေတာကို တဖြည်းဖြည်းချင်း လျှော့ချသွားတော့မယ်လို့ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Zara ရဲ့ မိခင်ကုမ္ပဏီ Inditex ကကြေညာလိုက်ပြီး  ရက်သတ္တပတ် အနည်းငယ်အကြာမှာ H&M ကလည်း အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ 

ဗြိတိသျှအခြေစိုက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ BHRRC ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက် ၁၅၆ ခု ကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

“BHRRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအားလုံးကို ကျနော်တို့ စစ်ဆေးနေပြီး မြေပြင်က ကျနော်တို့ရဲ့ ဒေသခံအဖွဲ့တွေကနေလည်း အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးရပ်တန့်ဖို့ ကြိုးစားနေသလို သက်ဆိုင်ရာ အဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်နေပါတယ်” လို့ H&M က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဆွီဒင်အခြေစိုက် အဝတ်အထည်လက်လီရောင်းချရေးကုမ္ပဏီ H&M က “မြန်မာနိုင်ငံက နောက်ဆုံးဖြစ်ပေါ်မှုတွေနဲ့ ပက်သက်ပြီး အလွန်ကိုစိုးရိမ်မိပါတယ်။ ကျနော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေ တိုးပွားလာတာကိုပါ တွေ့ရပါတယ်” လို့ ဖြည့်စွက်ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေခဲ့တာပါ။

BHRRC အဖွဲ့ရဲ့ ခြေရာခံမှုထဲမှာတော့ မြန်မာနိုင်ငံက စက်ရုံပေါင်း ၁၂၄ ရုံမှာ ဖြစ်ပွားခဲ့တဲ့ ခေါင်းပုံဖြတ် ဖိနှိပ်မှုတွေပါဝင်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံက လက်ရှိအခင်းအကျင်း အပါအဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုအပေါ်  စိုးရိမ်ဖွယ်ရာ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတဲ့ တကယ့်အဖြစ်မှန်ကိုပါ ဒီအစီရင်ခံစာက မီးမောင်းထိုးပြနေပါတယ်” ဆိုပြီး H&M ကုမ္ပဏီက ပြောကြားပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာနိုင်ငံရဲ့  အထည်ပေးသွင်းသူတွေဆီကနေ အော်ဒါအသစ်မှာယူမှုကို ရပ်တန့်ထားခဲ့ပြီး ဖြစ်တယ်ပေမဲ့ ဒီနှစ်ကုန်ပိုင်းမှာတော့ H&M ရဲ့ နောက်ဆုံးမှာယူမှုတွေ ရောက်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီကိစ္စတွေနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူနဲ့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့ကို မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ အကြောင်းပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။ Bestseller နဲ့ LPP အထည်ကုမ္ပဏီကြီးတွေကိုပါ ဒီဖြစ်စဉ်အပေါ်မှာ မှတ်ချက်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။

Primark နဲ့ Marks & Spencer လိုမျိုး အထည်ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားမယ့် အစီအစဉ်တွေကို ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ပြီးနောက် Inditex ကုမ္ပဏီရဲ့ အထည်ပေးသွင်းသူတွေနဲ့ ဆက်နွှယ်မှု ဖြတ်တောက်မယ့် ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

လက်လီရောင်းချရေး စပိန်ဖက်ရှင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Tendam ကပါ မြန်မာနိုင်ငံကနေ အရင်းအမြစ် မှာယူမှုတွေကို ရပ်ဆိုင်းဖို့အတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။ 

ဒါဟာ BHRRC အဖွဲ့က ထုတ်ပြန်ထားတဲ့ အမှတ်တံဆိပ်များဆိုင်ရာ စစ်တမ်းနဲ့ အစီရင်ခံစာအရ စပိန်ကုမ္ပဏီရဲ့ အရေးယူတုံ့ပြန်မှု ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာ့ဖက်ရှင်ကုမ္ပဏီကြီးတွေရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ အထည်ချုပ် အလုပ်သမားတွေကိုသာ ပိုမိုထိခိုက်စေမှာ ဖြစ်တယ်လို့တချို့က ဝေဖန်ထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံအတွက် ဒီကုမ္ပဏီကြီးတွေအနေနဲ့ ဆက်လက်မှာယူမှုတွေ ပြုလုပ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်တွေ အတွက် အဝတ်အစားနဲ့ ဖိနပ်တွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံပေါင်း ၅၀၀ ကျော်အထိ ပြည်တွင်းမှာ ရှိနေတာကြောင့် အထည်ချုပ်လုပ်ငန်းက အလုပ်အကိုင်ဖန်တီးပေးရာ အဓိကနယ်ပယ်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများ အသင်းရဲ့စီအီးအိုဖြစ်သူ ကရီနာ အူဖာ့တ်ကတော့ “ပြည်တွင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ဒီကုမ္ပဏီတွေအကြား ထိတွေ့ဆွေးနွေးခြင်းအားဖြင့် လုပ်ခလစာနဲ့အတူ လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေအပေါ်မှာ မျှခြေတစ်ခုကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်၊ ပြည်တွင်းကနေ ထွက်ခွာသွားမယ်ဆိုရင် ဒေသတွင်း အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို သိရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကလည်း “သူတို့ ထွက်ခွာသွားရင် အလုပ်အကိုင်တွေ လုံး၀ဆုံးရှုံးသွားတာမျိုး ဖြစ်ဖြစ် ဒါမှမဟုတ် အဝယ်တော် အေးဂျင့်တွေရဲ့  မှာယူမှုကို ရရှိဖို့အတွက် စက်ရုံတွေဘက်က အလုအယက် ကြိုးပမ်းရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲစားတွေက စက်ရုံအခြေအနေကို စိတ်ပူနေမှာ မဟုတ်ဘဲ လုပ်အားခ သက်သာဖို့ကိုသာ အာရုံစိုက်သူတွေပါ” လို့ ပြောကြားသွားပါတယ်။

အားကစားကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Adidas ကတော့ ပြည်တွင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

ဗြိတိန်နိုင်ငံရဲ့ Next ဖက်ရှင်ကုမ္ပဏီကလည်း “မြန်မာအစိုးရရဲ့ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေက လက်ခံနိုင်စရာ မရှိတာကြောင့် ရှင်းလင်းပြတ်သားစွာ အချက်ပြတဲ့အနေနဲ့ ပြည်တွင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားထားပါတယ်။ ဒါပေမဲ့လည်း အသည်းအသန် လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ခလစာတွေအပေါ် ပိတ်ပင်မှုကြောင့် ဒေသခံလူထုနဲ့အတူ အလုပ်သမားတွေမှာပါ ကြီးမားတဲ့ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ပါတယ်”လို့ ထောက်ပြခဲ့ပါတယ်။

PHOTO-DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013