DVB Logo
Home
မြန်မာသတင်း
တရုတ်ပိုင်အထည်ချုပ်စက်ရုံက စစ်ကိုင်း၊ မကွေး မှတ်ပုံတင်ကိုင်ထားသူ ၁၀၀ ကျော်ကို အလုပ်ဖြုတ်ဟု FGWM ထုတ်ပြန်
DVB
·
August 19, 2022
တရုတ်ပိုင်အထည်ချုပ်စက်ရုံက စစ်ကိုင်း၊ မကွေး မှတ်ပုံတင်ကိုင်ထားသူ ၁၀၀ ကျော်ကို အလုပ်ဖြုတ်ဟု FGWM ထုတ်ပြန်
Donate to DVB

နာမည်ကြီး ကုန်အမှတ်တံဆိပ်တခုဖြစ်တဲ့ H&M ကို ချုပ်လုပ်တဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတခုကနေ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ၅/ နဲ့ ၈/ မှတ်ပုံတင်တွေ ကိုင်ဆောင်ထားသူ အလုပ်သမား ၁၀၀ ကျော်ကို မတရားသဖြင့် ခြိမ်းခြောက် အလုပ်ဖြုတ်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၈ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ခုလိုကျူးလွန်တဲ့ စက်ရုံအမည်ကို ZHEJIANG TONGLI CLOTHING (MYANMAR) CO. LTD အထည်ချုပ်စက်ရုံလို့ ဖော်ပြထားပြီး ရန်ကုန်တိုင်း၊ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း (မြန်မာကိုင်ဒိုလမ်းကြား) မှာတည်ရှိကာ တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံမှာ အခုလ ၁ ရက်ကစတင်ကာ ၅/ နဲ့ ၈/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲမှာ စာရင်းကောက်ပြီး အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တာလို့ ဖော်ပြပါတယ်။

အလုပ်ထုတ်ခံရတဲ့ စစ်ကိုင်းတိုင်းက အမျိုးသမီး အလုပ်သမားတယောက်ကတော့ “ကျမကတော့ စစ်ကိုင်းဇာတိကပါ။ ရန်ကုန်ရောက်တာ ၈ နှစ်ရှိပါပြီ။ tongli အထည်ချုပ်စက်ရုံ လိုင်းအမှတ် (ဘီ-၅) မှာ စက်ချုပ်သမားနဲ့ လုပ်ကိုင်ဆောင်ရွက်လာတာ ၂ နှစ်ကျော်ပါပြီ။ ဇူလိုင်လကုန်ခါနီးမှာ မန်နေဂျာရုံးခန်းအတွင်း စူပါများနှင့် အစည်းအဝေးလုပ်ကြပါတယ်။ အစည်းအဝေးလုပ်ပြီးနောက်ပိုင်း စူပါများမှ လိုင်းဘိုင်လိုင်းအလိုက် ၅/ ၈/ စာရင်းများ လိုက်ကောက်ပါတယ်။ အဲလိုလိုက်ကောက်လည်းပြီးရော စူပါများမှ ကျမတို့ကို အလုပ်ထုတ်ရမည်ဟု ပြောကြားလာပါတယ်။ ကျမတို့က ဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်။ ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ၊ အဲလိုမှမထွက်ရင် စစ်တပ်ကလာတဲ့အခါ နင်တို့ကို ထည့်ပေးလိုက်မယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကျမလည်း ၁ ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နစ်နာကြေးမပေးဘဲ ခြိမ်းခြောက်အလုပ်ထုတ်ခံရတဲ့ တခြားအလုပ်သမားတွေရဲ့ ပြောကြားချက်တွေကိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပြီး လုပ်ငန်းခွင်အတွင်း ကျန်ရှိနေတဲ့ အလုပ်သမားတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝင်မပါကြဖို့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း အယောက် ၂,၅၀၀ ကျော်ရှိနေပြီး စက်လိုင်း ၇၀ နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ မတရားအလုပ်ထုတ်လိုက်တဲ့ အပေါ်မှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဘက်က အကူအညီ လိုအပ်နေတာမို့ တာဝန်ရှိသူတွေနဲ့ သူတို့ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ H&M ဘရန်းကို အကူအညီတောင်းပေးဖို့နဲ့ တရားမျှတမှု လိုချင်ကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ကို အကူအညီတောင်းထားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာလည်း ပိုပြီးတော့ ဆုတ်ယုတ်လာတဲ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အများစုဟာလည်း နုတ်ထွက်မှုတွေနဲ့အတူ အလုပ်လက်မဲ့ပြဿနာ၊ ငွေကြေးဖောင်းပွမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာလည်း အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေ ပြင်းထန်နေရာမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတာကြောင့် အဆိုပါဒေသ‌တွေက အပြစ်မဲ့အရပ်သားတွေကိုပါ ခုလို ခြိမ်းခြောက်ကာ နိုင့်ထက်စီးနင်း အပြုအမူတွေကိုပါ ကျူးလွန်လာနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းက အထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ Zara နဲ့ H&M အပါအဝင် ကမ္ဘာ့နာမည်ကြီး အထည်အလိပ် လုပ်ငန်းတွေဟာ ပျက်ကွက်နေကြတယ်လို့ ပြည်ပအခြေစိုက် စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းအမြစ်ဌာနတခုက ပြောထားပါတယ်။

ဒီအဖွဲ့အစည်းက သူတို့နဲ့ ကာလရှည်စွာ လက်တွဲခဲ့ကြတဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာအထည်ချုပ်ကဏ္ဍမှ လုပ်သား ၆၀,၈၀၀ လောက်ဟာ အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၀၄ မှုတို့အပေါ် အချက်အလက် စုဆောင်းပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ထားတာပါ။

ဒီအစီရင်ခံစာကို ပြုစုတဲ့နေရာမှာ အထည်ချုပ်စက်ရုံပေါင်း ၇၀ ရှိတဲ့အနက် ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ် အထည်အလိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံပေါင်း ၃၂ ရုံမှ အချက်အလက်တွေကိုလည်း ထည့်သွင်းထားပြီးတော့ နာမည်ကြီး အထည်အလိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ စာရင်းထဲမှာ Adidas၊ Inditex (Zara and Bershka)၊ Fast Retailing (Uniqlo)၊ Hennes & Mauritz (H&M)၊ Primark အမှတ်တံဆိပ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အား ၇ သိန်းလောက်ရှိပြီး အများစုက ကျေးလက်မိသားစုတွေဆီ ထောက်ပံ့ပေးနေတဲ့ အမျိုးသမီးငယ်တွေ ဖြစ်ပြီးတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာတင် အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်လောက်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံနေရတဲ့အကြောင်း အပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013