
ကမ္ဘာကျော် ဘရန်းတခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အထည်ချုပ်နေတဲ့ Kingrich (Myanmar) Fashion စက်ရုံက အမျိုးသမီးလုပ်သားတဦး လုပ်ငန်းခွင်အတွင်း ထိုးကြိတ်ခံရပြီး အလုပ်ပါထုတ်ခံလိုက်ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စက်ရုံပိုင်ရှင်ကို တရားစွဲဖို့နဲ့ H&M ကုမ္ပဏီကို ကန့်ကွက်ရှုတ်ချဖို့ ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။
Kingrich (Myanmar) Fashion စက်ရုံ ပါကင်ဌာနက အလုပ်သမားဖြစ်သူ မရှားလဲ့ဖြူဟာ ဇူလိုင် ၂၁ ရက်က လုပ်ငန်းဌာနတူချင်းအမျိုးသားလုပ်သားတဦးနဲ့ အလုပ်ကိစ္စအချင်းများရာကနေ ထိုးကြိတ်ခံရတာလို့ ဆိုပါတယ်။
အဲဒီလို ထိုးကြိတ်ခံရတဲ့အပေါ် မရှားလဲ့ဖြူက လိုင်းတာဝန်ခံကို သွားတိုင်ရာမှာ အရေးယူတာမရှိတဲ့အပြင် မောင်းထုတ်ခံရပြီး ပြန်ထွက်လာချိန်မှာ အတိုင်ခံရတဲ့သူက ထပ်ပြီးထိုးကြိတ်ခဲ့တယ်လို့ STUM က ထုတ်ပြန်ပါတယ်။
ကာယကံရှင် မရှားလဲ့ဖြူက "ဖြစ်စဥ်ကို စက်ရုံက ဘာမှတာဝန်မယူပေးဘူး။ လက်သီးနဲ့ထိုးတဲ့သူက သူ့ဘာသာ အလုပ်ထွက်သွားတယ်။ ညီမကိုတော့ ဒီအတိုင်းကြီး အလုပ်ထုတ်လိုက်တယ်" လို့ ပြောပါတယ်။
အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး မရှားလဲ့ဖြူကို ဥပဒေပါနစ်နာကြေးတစုံတရာမပေးဘဲ အလုပ်ကထုတ်လိုက်တဲ့အပေါ် ညှိနိူင်းတာတွေလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။
"အလုပ်ပဲ ပြန်လုပ်ချင်တာ၊ ဒါကိုလက်မခံဘူး။ ကိုယ်ကလည်း ကိုယ်ထိလက်ရောက်လုပ်ခံရသေးတာ" လို့ မရှားလဲ့ဖြူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ လတာအတွင်း အလုပ်သမားဆန္ဒအတိုင်း အလုပ်ပြန်လုပ်ခွင့်ရဖို့ ညှိနှိုင်းတဲ့အပေါ် စက်ရုံဘက်က လက်မခံဘဲ တင်းခံနေတာကြောင့် နောက်တဆင့်အနေနဲ့ တရားစွဲဆိုဖို့အထိ ဖြစ်လာတယ်လို့ STUM တာဝန်ရှိသူတဦးက ပြောပါတယ်။
"တာဝန်ယူမူမရှိတဲ့ စက်ရုံပိုင်ရှင်ကို တရားစွဲမှာဖြစ်သလို Brand ဖြစ်တဲ့ H&M ကို Global Campaign လူပ်ရှားမှုလုပ်ဖို့ပြင်နေတယ်။"
H&M အမှတ်တံဆိပ်ဖက်ရှင်လုပ်ငန်းစုက အထည်တွေကိုချုပ်နေတဲ့ ပြည်တွင်းက စက်ရုံတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အများဆုံးရှိနေသလို အဲဒီလုပ်ငန်းစုအနေနဲ့လည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပါတယ်။