DVB Logo
Home
မြန်မာသတင်း
ဟူးကောင်းလွင်ပြင်ဒေသတွင် စက်သုံးဆီဈေး ဆက်လက်မြင့်တက်
DVB
·
July 27, 2023
ဟူးကောင်းလွင်ပြင်ဒေသတွင် စက်သုံးဆီဈေး ဆက်လက်မြင့်တက်
Donate to DVB

ကချင်ပြည်နယ်၊ ဟူး​ကောင်းလွင်ပြင်ဒေသမှာ စက်သုံးဆီကားတွေ အဝင်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် စက်သုံးဆီစျေး မြင့်တက်နေပြီး ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဒေသခံတဦးက “စက်သုံးဆီကားတွေ ပေးမဝင်တာ တလလောက်ရှိလာပြီ။ ခုလည်း တဂါလန် ၄၀,၀၀၀ ပေးနေရသေးတာပဲ။ ဆန်လည်း ခုထိပိတ်ထားတော့ ပြည်သူတွေ အရမ်းဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

နားလ​ည်မှုနဲ့ တူးဖော်နေကြတဲ့ ပယင်းနဲ့ ရွှေမှော်ကလူတွေလည်း စက်သုံးဆီ ပြတ်လပ်မှုအပြင် စစ်ကောင်စီက ဇူလိုင် ၁၅ ရက်ကနေ ၂၇ ရက်အတွင်း လုပ်ငန်းနေရာတွေကနေ အပြီးထွက်ဖို့ သတင်းထွက်နေတာ အပါအဝင် အခြေအနေအရပ်ရပ်ကြောင့် မှော်တွေကို စွန့်ခွာလာကြသလို သတင်းစောင့်ကြည့်ရင်း နေထိုင်လုပ်ကိုင်နေသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားရှိ စက်သုံးဆီဆိုင်တခုရဲ့ တာဝန်ရှိသူက “တနိုင်းဘက် ဆီတင်လို့မရတဲ့အတွက် ငါးသိန်း ငါးသောင်းနဲ့ ဖြတ်ထားတဲ့ ဆီပေပါ ၂၀၀ လောက် ကျနော်တို့ဆီမှာ သောင်တင်နေတယ်။ ပို့မရဘူး။ ချန်တော့ ချန်ပေးထားတာပဲ” လို့  ပြောပါတယ်။

ကျပ်နှစ်​သောင်းတန်ထုတ်ဝေမယ့် သတင်းဂယက်ကြောင့် မြစ်ကြီးနားမှာတော့ စက်သုံးဆီ တလီတာကို ၂,၆၉၅ ကျပ်အထိ ရောက်လာပြီး စက်သုံးဆီ တပေပါကို ၅၈၀၀၀၀ ကျပ်ထိ ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

မှော်ထဲကထွက်လာဖို့ စာထုတ်အမိန့်ပေးတာမျိုး မတွေ့ရပေမဲ့ ဆီပြတ်လပ်မှုရော နှစ်ဖက် လက်နက်ကိုင်တွေရဲ့ ထိတွေ့မှုကြောင့် မှော်နယ်မြေနဲ့ ဟူးကောင်းလွင်ပြင်ထဲက ပြည်သူတွေ ရှောင်တိမ်းလာတဲ့သူတွေ ရှိသလို အခြေအနေစောင့်ကြည့်ရင်း နေတဲ့သူတွေလည်း ရှိနေတာမို့ ဒီရက်ပိုင်း မြစ်ကြီးနားအဆင်း ကားတွေမှာတော့ အမြဲလူပြည့်နေကြောင်း သိရပါတယ်။

ယာဥ်မောင်းတဦးက“ခု တနိုင်းမှာတင် ဆီတပေပါ ၁၅ သိန်းလောက် ရှိလာပြီ။ ဆီတော့တင်လို့မရဘူး။ ကားခတွေက မတက်ပါဘူး။ အဆင်းကျရင် ရှေ့ခန်း ၃၅,၀၀၀၊ နောက်ခန်း ၃၀,၀၀၀၊ အတက်က ရှေ့ခန်း ၄၀,၀၀၀၊ နောက်ခန်း ၃၅,၀၀၀။ အဆင်းအတက် ၅,၀၀၀ ကွာတယ်။ အရင်လိုပါပဲ” လို့ ပြောပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်ဒေသက ပြည်သူတွေကတော့ စစ်ကောင်စီက စက်သုံးဆီကားနဲ့ ဆန်ကားတွေ ပိတ်ပင်ထားတာကြောင့် အကျပ်အတည်းတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013