DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီစျေး မြင့်တက်သဖြင့် ကချင်ပြည်နယ်မှ လူမှုကူညီရေးအသင်းအချို့ ရပ်နားထားရ
DVB
·
February 14, 2023
စက်သုံးဆီစျေး မြင့်တက်သဖြင့် ကချင်ပြည်နယ်မှ လူမှုကူညီရေးအသင်းအချို့ ရပ်နားထားရ
Donate to DVB

စက်သုံးဆီဈေး နေ့စဉ်မြင့်တက်လာတဲ့အတွက် ကချင်ပြည်နယ်အတွင်းက ကိုယ်ထူကိုယ်ထ ပရဟိတ လူမှုကူညီရေးအသင်းတချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။

စက်သုံးဆီဈေး မြင့်တက်လာတဲ့အတွက် ပရဟိတ လူမှုကူညီရေးအသင်းတွေအနေနဲ့ လူနာပို့ဆောင်ရာမှာ ကုန်ကျစရိတ်များလာပြီး အသင်းရေရှည်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် ရပ်နားထားရကြောင်း ပရဟိတ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ ကိုယ်ထူကိုယ်ထ ပရဟိတအသင်း လုပ်ကိုင်နေသူတဦးက “ဓာတ်ဆီဈေးက အတက်ပဲရှိတယ်။ အဓိက ကုန်ကျစရိတ်ကြီးတာက ဓာတ်ဆီပဲ။ လူနာတင်ပို့ရာမှာလည်း ဓာတ်ဆီက အရေးကြီးတယ်။ အရင်ကတော့ အလှူရှင်တွေ များတယ်။ ခုနောက်ပိုင်း ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာတော့ အလှူရှင်တွေလည်း အရင်လောက် မလှူနိုင်တော့ဘူး။ အဲ့ဒီတော့ အသင်းလည်း ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အသင်းယာယီရပ်နားထားရတယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စီးပွားရေးကျပ်တည်းလာပြီး ပရဟိတအသင်းတွေကို အရင်လောက် အလှူငွေ မထည့်ဝင်နိုင်တော့တဲ့အတွက် နယ်ဝေးလူနာပို့လမ်းကြောင်းက ပိုလျှံတဲ့ အလှူငွေတွေကို စုပေါင်းပြီး မြို့တွင်း လူနာအကြိုအပို့အတွက် ပြန်လည်အသုံးပြုနေရတာပါ။

ဖားကန့်မြို့နယ်မှာ လူမှုကူညီရေးအသင်း လုပ်ကိုင်နေသူတဦးက “အရင်ကတော့ အလှူရှင်တွေရှိတယ်။ ခုနောက်ပိုင်း စီးပွားရေးကျပ်တည်းလာတာနဲ့ ဓာတ်ဆီဈေး မြင့်တက်လာတာနဲ့ဆိုတော့ အရင်လောက် အလှူငွေက လုံလောက်အောင် မလည်ပတ်နိုင်ဘူး။ အဲ့ဒီတော့ နယ်ဝေးပို့ရတဲ့ လမ်းကြောင်းက အလှူငွေ အပိုအလျှံလေးတွေကို စုပြီး မြို့တွင်း လူနာပို့လမ်းကြောင်းမှာ ပြန်လည်အသုံးပြုရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စက်သုံးဆီဈေးဟာ နေ့စဉ်မြင့်တက်လာတဲ့အတွက် ပရဟိတအသင်းကြီးတွေအနေနဲ့ အခက်အခဲ ရှိလာနေသလို ပရဟိတ အသင်းငယ်တွေကလည်း လူနာအကြိုအပို့ လုပ်ငန်းတွေကိုပါ ရပ်နားထားရတာပါ။

“စက်သုံးဆီဈေး မြင့်တက်လာတဲ့အတွက် ပရဟိတအသင်းကြီးတွေလည်း လူနာကြိုပို့ လုပ်ရာမှာ ခက်ခဲမှုရှိတယ်။ ပရဟိတ အသင်းငယ်တွေကတော့ ရပ်နားထားရတဲ့ အနေအထားတွေ ဖြစ်နေတယ်။ စီးပွားရေး ကျပ်တည်းတဲ့ကာလ ဖြစ်နေတော့ အရင်လောက် အလှူငွေမရ၊ စက်သုံးဆီဈေးကလည်းတက် ဖြစ်နေတော့ ကျနော်တို့လည်း အသင်းလည်ပတ်နိုင်အောင်တော့ ကြိုးစားနေရတယ်” လို့ မိုးညှင်းမြို့နယ် ပရဟိတ လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်း ပေါက်စျေးအရ ၉၂ ဓာတ်ဆီတလီတာ ၂,၅၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂,၆၀၅ ကျပ်၊ ဒီဇယ်တလီတာ ၂,၆၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၂,၇၀၀ ကျပ် ရှိနေပြီး ကချင်ပြည်နယ် အထက်ပိုင်း မြို့ရွာတွေမှာတော့ မြစ်ကြီးနားမြို့ထက် စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်မားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013