DVB Logo
Home
မြန်မာသတင်း
စစ်ရေးအသုံးစရိတ် လိုအပ်ချက်ကြောင့် စစ်အုပ်စုက ဆေးမြီးတိုနည်းဖြင့် ၂ သောင်းတန်ထုတ်ဟု NUG ပြော
DVB
·
July 26, 2023
စစ်ရေးအသုံးစရိတ် လိုအပ်ချက်ကြောင့် စစ်အုပ်စုက ဆေးမြီးတိုနည်းဖြင့် ၂ သောင်းတန်ထုတ်ဟု NUG ပြော
Donate to DVB

မြန်မာစစ်တပ်ဟာ စစ်ရေးအသုံးစရိတ် လိုအပ်ချက် အလွန်အမင်း ကြီးမားလာတာကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ဆေးမြီးတိုနည်းဖြစ်တဲ့ ငွေကြေးရိုက်နှိပ်တဲ့နည်းနဲ့ ပြည်သူဆီက သွယ်ဝိုက်သောနည်းနဲ့ ကုပ်သွေးစုပ် အမြတ်ထုတ်တာတွေကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ဇူလိုင် ၂၅ ရက်က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်တာဖြစ်ပြီးတော့ လတ်တလော လူထုကြား စိုးရိမ်ပူပန်မှု မြင့်နေတဲ့ ကျပ်ငွေ ၂ သောင်းတန် ရိုက်နှိပ်ဖြန့်ချိမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားထား ပါတယ်။

“၁၉၆၂ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေက တိုင်းပြည်ရဲ့ ငွေကြေးကို ကမောက်ကမ ဖြစ်အောင် အမျိုးမျိုး လုပ်ခဲ့တဲ့ သမိုင်းသက်သေ ရှိထားပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရတွေကလည်း ဆေးမြီးတိုနည်းတွေသုံးပြီး ကျပ်ငွေကို လုပ်ချင်သလို လုပ်ခဲ့တာတွေ့ရပါတယ်။ အဲသည့်လုပ်ရပ်အားလုံးရဲ့ အကျိုးဆက်က တိုင်းပြည်အတွင်းမှာ ငွေကြေးဖောင်းပွမှုဒဏ်ကို လူထုက အလူးအလဲ ခံရတာပဲဖြစ်ပါတယ်။ ဒါကို ကျနော်တို့အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ လူထုရဲ့ လုပ်အားဟာ သွယ်ဝိုက်သောနည်းနဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ကုပ်သွေးစုပ် အမြတ်ထုတ်ခံနေရသလို ဖြစ်နေပါတယ်။ လူထုဟာ ငွေကြေးဖောင်းပွမှုဒဏ်အကြားမှာ ထိုက်တန်တဲ့ ခံစားခွင့်တွေ ဆုတ်ယုတ်ပျက်စီးလာတာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကိုလည်း ရတတ်သမျှ နည်းလမ်းနဲ့ ကြံဆနေတာကို တွေ့ရတယ်။ ဒါဟာလည်း တိုင်းပြည်တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ မဟုတ်ပါဘူး။ စစ်လက်နက်အင်အားကို ဖြည့်ပြီး ပြည်သူကို ဖိနှိပ်ဖို့အတွက်ပဲ ဆိုတာ ထင်ရှားပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရေးအသုံးစရိတ် လိုအပ်ချက် အလွန်အမင်း ကြီးမားလာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ပြည်သူဆီက သွယ်ဝိုက်သောနည်းနဲ့ ကုပ်သွေးစုပ် အမြတ်ထုတ်တာကို နည်းအမျိုးမျိုးနဲ့ လုပ်နေပါတယ်။ အဲသည့်ထဲမှာ ဆေးမြှီးတိုနည်းဖြစ်တဲ့ ငွေကြေးရိုက်နှိပ်တဲ့နည်းကလည်း တခုအပါအဝင် ဖြစ်ပါတယ်။”

ဒါ့အပြင် NUG အစိုးရရဲ့ အဓိကလုပ်ငန်းတာဝန်ဟာ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ဖြစ်ပြီး အခုအခြေအနေတွေကို ကြည့်လိုက်ရင် ပြည်သူရဲ့ အိုးအိမ်စည်းစိမ်ကို ဖျက်လိုဖျက်ဆီး လုပ်နေတာဟာ စစ်ကောင်စီပဲဖြစ်တာကြောင့် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တာနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“တိုင်းပြည်ရဲ့ အတိတ်သမိုင်းကို ကြည့်ရင် စစ်အစိုးရအဆက်ဆက်ဟာ ‘ကြုံသလို ကြည့်-ကြပ်-လုပ် ပေါ်လစီ’ မျိုးနဲ့ လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့တာမျိုးတွေ အကြိမ်ကြိမ် တွေ့ရပါတယ်။ အခုလည်း ဘေးထွက်ဆိုးကျိုးကို နားမလည်ဘဲ၊ ကျပ်ငွေ ၂ သောင်းတန် ငွေကြေးရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့ရပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပိုပြီးအမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ NUG အစိုးရက ဘဏ္ဍာရေးလမ်းကြောင်းကနေ တိုက်စစ်ဖွင့်တဲ့ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလဗဟိုဘဏ် လမ်းညွှန်ပူးပေါင်းဆောင်ရွက်မှုနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank –SDB) ကို ဖွင့်လှစ်လိုက်ပြီး ရက်ပိုင်းမှာပဲ စစ်အုပ်စုက ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ ထုတ်ပြန်ကြေညာလာခဲ့တာပါ။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက “အခုဆိုရင် ကျနော်တို့ အစိုးရအနေနဲ့ “နွေဦးဖွံ့ဖြိုးရေးဘဏ်” ကို တရားဝင် ဖွင့်လှစ်ပြီးပါပြီ။ ဆက်လက် လုပ်ဆောင်ရမယ့်ကိစ္စ တွေကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြရပါလိမ့်မယ်။ ဒီနေရာမှာ နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ဖြစ်တည်မှုဟာ မြန်မာကျပ်ငွေရဲ့ မခိုင်မာမှုကို အစားထိုးပေးနိုင်မယ့် လူထုမျှော်လင့်ချက် ဖြစ်သင့်ပါတယ်။ တကယ်တော့ လူထုဟာ ကျပ်ငွေအပေါ်မှာ မှီခိုအားထားနေရပါတယ်။ ဒါ့ကြောင့် လူထုလုပ်အားတွေကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်ဆီးလိုက်သလိုမျိုး မဖြစ်အောင် ကျနော်တို့ ဘက်က ခေတ်မီဘဏ္ဍာရေးမဟာဗျူဟာတွေနဲ့ အကာအကွယ်ပြုပေးဖို့ လိုပါတယ်။ အဲသည်လို အကာအကွယ် ပြုနိုင်ဖို့အတွက် ယခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က တည်ဆောက်နေတဲ့ ဘဏ္ဍာရေးစနစ်အပေါ်ကို လူထုယုံကြည်မှု ပိုရလာဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအရလည်း ကျနော်တို့က စည်းရုံးလှုံ့ဆော်ဖို့ လိုသလို၊ လက်တွေ့ အကျိုးခံစားခွင့်ကို သိသိသာသာ ပြနိုင်အောင်လည်း ကြိုးစားရပါလိမ့်မယ်။ လူထုဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသူကိုသာ ယုံကြည်စွာ အပ်နှံလေ့ရှိပါတယ်။ ဒါ့ကြောင့် လူထုရဲ့ လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေအပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျနော်တို့အနေနဲ့ စနစ်တကျ တည်ဆောက်ပေးရပါလိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့်ရမှာ ဖြစ်ပါတယ်။”

နွေဦးဖွံ့ဖြိုးရေးဘဏ် –SDB ကို ကနဦးအနေနဲ့ ငွေကြေး ၄ မျိုးနဲ့ လည်ပတ်သွားမယ့်အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank –SDB) အကြိုမိတ်ဆက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။

SDB က ဒီဂျစ်တယ် ‌ခေတ်သစ်ဘဏ်စနစ်တခုဖြစ်ပြီး အဆင့်အမြင့်ဆုံး လုံခြုံရေးနည်းပညာနဲ့ တည်ဆောက်ထားတဲ့ beta web application စနစ်တခုဖြစ်ပါတယ်။

SDB ဘဏ်အကောင့် ဖွင့်ထားပြီး Relationship Manager ရှိတဲ့ ဘယ်နိုင်ငံကမဆို အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ အဆိုပါဘဏ်ကို နွေဦးတော်လှန်ရေးကာလ ပြီးဆုံးသွားတဲ့ ပြန်လည်ထူထောင်ရေးအချိန်ကာလတွေအထိ ဆက်လုပ်အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ နွေဦးဖွံ့ဖြိုးရေးဘဏ်–SDB ကနေ ငွေသွင်း ငွေထုတ်လုပ်ငန်းစဉ်တွေအပြင် နိုင်ငံတကာဘဏ်နဲ့ ချိတ်ဆက်တာမျိုး၊ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ product တွေကို ရောင်းချပေးတာမျိုး၊ ငွေစုစာချုပ်နဲ့ ကုန်ပစ္စည်းတွေ လဲလှယ်တာမျိုးအထိကို လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013