DVB Logo
Home
မြန်မာသတင်း
နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် တိုက်ခန်းနှင့် အိမ်၊ ခြံ၊ မြေ ငွေထုပ်ပိုက် လိုက်ဝယ်မှုများနေ
DVB
·
July 24, 2023
နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် တိုက်ခန်းနှင့် အိမ်၊ ခြံ၊ မြေ ငွေထုပ်ပိုက် လိုက်ဝယ်မှုများနေ
Donate to DVB

စစ်ကောင်စီရဲ့ နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့်သတင်းကြောင့် ရန်ကုန်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ တိုက်ခန်း၊ အိမ်၊ခြံ၊ မြေကို ငွေတပါတည်းယူလာပြီး လိုက်ဝယ်တာတွေ များလာနေတယ်လို့ အကျိုးဆောင်နဲ့ဒေသခံတချို့ဆီက သိရပါတယ်။

အိမ်၊ ခြံ၊ မြေ နဲ့ တိုက်ခန်းစျေးနှုန်းဟာ ပေါက်စျေးစနစ်ထက် ရောင်းသူစိတ်ကြိုက် ခေါ်ဈေးအဖြစ် ပြောင်းလဲလာပြီး ဝယ်ယူမယ့်သူတွေလည်း ခြေရှုပ်လာနေတယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တဦးက “တလမ်းတည်း၊ အခန်းချင်း ကပ်လျက်တောင် ပထမရောင်းလိုက်တဲ့ အခန်းဈေးနဲ့ နောက်ရောင်းတဲ့ အခန်းဈေးမတူဘူး။ ထိန်းထားလေ ဈေးမြင့်လေပဲ” လို့ ပြောပါတယ်။

အဲဒီ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းစျေးကွက်ဟာ အာဏာသိမ်းပြီးကတည်းက တဖြည်းဖြည်း ပေါက်ဈေးပျောက်လာတာဖြစ်ပြီး ငွေလက်ထဲ မကိုင်ထားသူတွေရဲ့ လိုက်ဝယ်မှုကြောင့် ပုံစံပြောင်းလာတာလို့လည်း သိရပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့်သတင်းကြောင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးကွက်အပေါ်ပိုပြီးရိုက်ခတ်မှုရှိလာတယ်လို့ ပွဲစားအသိုက်အဝန်းက ဆိုပါတယ်။

လုပ်သက်ရင့်ပွဲစားတဦးက “အခုကရောင်းမယ့်သူသာရှိ၊ စိတ်ကြိုက်ဖြစ်တယ်ဆိုရင် ငွေတခါတည်း ချေပြီး ဝယ်ဖို့ လိုက်ရှာနေသူတွေ အများကြီး၊ ပေါက်ဈေးထက် ရောင်းသူခေါ်ဈေး ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ ငွေစက္ကူအသစ်ဂယက်ကြောင့် အရောင်းသမားတွေကလည်း အခြေအနေ စောင့်ကြည့်နေကြတာကြောင့် အရောင်းအဝယ်ရပ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မယ့်သတင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေးကွက်မှာလည်း ရိုက်ခတ်မှုရှိနေသလို ကုန်ဈေးနှုန်းလည်း ထပ်မံမြင့်တက်မှု စတင်ကြုံတွေ့နေရတယ်လို့ ဈေးကွက်သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီကတော့ ထုတ်လိုက်တဲ့ ငွေစက္ကူအသစ်ကြောင့် ငွေကြေးဖောင်းပွမှု မရှိနိူင်ကြောင်းနဲ့ ဈေးကစားသူတွေကို ဖမ်းဆီးအရေးယူနေတဲ့အကြောင်း သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ဖုံးဖိသတင်းထုတ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013