DVB Logo
Home
မြန်မာသတင်း
“လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း” ပြန်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ
DVB
·
July 26, 2023
“လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း” ပြန်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ “လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း” ကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောပါတယ်။

မနေ့က ၂၄ ရက် မနက် ၅ နာရီလောက်မှာ တစ်ကြိမ်၊ ဒီနေ့လည်း မနက် ၅ နာရီ ကနေ မနက် ၉ နာရီခွဲကျော်အထိ တစ်ကြိမ်၊ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး  ရန်သူအကျအဆုံးကတော့ များပေမဲ့ အခြေအနေက ပူပူနွေးနွေး ဖြစ်နေသေးတဲ့အချိန်မို့ အသေးစိတ် မသိရသေးဘူးလို့လည်း ဗိုလ်ဒါဘောက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ရေးဗျူဟာအရ အရေးပါလှတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၀ ရက်မနက် ၆ နာရီလောက်က စတင်ပြီးတော့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၁ ရက်မနက် ၅ နာရီမှာ လက်ခတ်တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ အဆိုပါ တောင်ကြောတဝိုက် စခန်းကုန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီ တပ်မ (၄၄) မှူးက တိုက်ရိုက်ညွှန်ကြားပြီး ခမရ(၂) နဲ့ ခမရ (၁၁၈) စုပေါင်းထုတ်နုတ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပြီး အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ဒါဘောက ခုလိုပြောပါတယ်။

“ရန်သူကတော့ လက်ခတ်တောင်စခန်းကို ပြန်ရဖို့၊ ပြန်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဒီရက်နဲ့ဆို နှစ်ရက်ရှိပြီပေါ့။ ဒါပေမဲ့ တောင်ခြေအနားထိ သူတို့ ရောက်မလာနိုင်ဘူး။ သူတို့ ထိခိုက်ကျဆုံးတာများလို့ ပြန်ဆုတ်သွားတယ်။ ထိခိုက်သေဆုံးတဲ့ သူ့လူတွေကို ပြန်ဆွဲပြီး လက်နက်ကြီးတွေနဲ့  အဆက်မပြတ် ကျနော်တို့ကို ပြန်ပစ်နေတယ်။ အခြေအနေကတော့ ဆက်လက်ပြင်းထန်ဖို့ရှိတယ်။”

ကေအန်ယူ-ဗဟို ထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၂၄ ရက်မနက် ၅ နာရီလောက်က မေတ္တာလင်းမြိုင်နဲ့ လက်ခတ်တောင်အကြား လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရေး အတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA-ပူးပေါင်းတပ်ဖွဲ့တို့အကြား မိနစ် ၄၀ ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိနေသလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာတော့ ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီးဌာန  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေ သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာမလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013