Home
မြန်မာသတင်း
လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
July 22, 2023

ကရင်ပြည်နယ်အတွင်း စစ်ရေးဗျူဟာအရ အရေးပါလှတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဇူလိုင် ၂၁ ရက် မနက် ၅ နာရီလောက်မှာ  ကေအန်ယူ  ကော်ဘရာစစ်ကြောင်းနဲ့  ပူးပေါင်းတပ်ဖွဲ့တွေက  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြေညာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တွေက လက်ခတ်တောင် တာဝါ တိုင်စခန်းကုန်းကို ဇူလိုင် ၂၀ ရက်မနက် ၆ နာရီလောက်က စတင်ပြီးတော့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၁ ရက်မနက် ၅ နာရီမှာ လက်ခတ်တောင်ကြော တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲမှာတော့ စစ်ကောင်စီ ခမရ(၁၁၈)၊ လ(၈) တို့ပါဝင်ပြီး ရန်သူထိခိုက်သေဆုံးမှုတွေကိုတော့ စိစစ်နေဆဲဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက် ကတော့ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးစက် ၁ လုံး၊ 60mm ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammer စက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ကွန်မန်ဒို 60mm ပြောင်း ၂ လက်၊ 40mm ၉ လုံး၊ G3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး ၁ လုံး၊ 7.62 ကျည် ၁၈၈၀ တောင့်၊ 5.56 ကျည် ၃၀၂ တောင့် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ဗိုလ်ဒါဘောနဲ့ ဗိုလ်စောကော်တို့က ဦးဆောင်တာဝန်ယူထားတဲ့ ကော်ဘရာစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ Venom စစ်ကြောင်းနဲ့ ပူးပေါင်းခဲ့ကြကာ စစ်ကြောင်း(၁)နဲ့ စစ်ကြောင်း(၂) ဆိုပြီး ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာတော့ ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီးဌာန  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေ သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာမလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024