Home
မြန်မာသတင်း
လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးဖြင့် နေ့စဉ် လာရောက်တိုက်ခိုက်နေ
DVB
·
September 7, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ KNLA ကော်ဘရာ ပူးပေါင်းစစ်ကြောင်းတွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးနဲ့ နေ့တိုင်းနီးပါး လာရောက်တိုက်ခိုက်တယ်လို့ ကော်ဘရာစစ်ဆင်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်က မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူရုံး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေ သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ဘုရားကုန်းကို လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် စက်တင်ဘာ ၄ ရက် နေ့လယ် ၁ နာရီလောက်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ခတ်တောင်ဘုရားကုန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ လူအင်အား ဖြည့်တင်းနေပြီး တဖက်မှာလည်း နေ့တိုင်းနီးပါး ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်နေတာပါ။ အဲဒီတိုက်ခိုက်မှုတွေအတွင်း KNLA ကော်ဘရာ ပူးပေါင်းစစ်ကြောင်းတွေဘက်က ထိခိုက်သူ မရှိဘူးလို့ KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဒီဗွီဘီကို ပြောပါတယ်။

KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းဘက်က ဒီထက်ကြီးမားတဲ့ စစ်ဆင်ရေးတွေကို ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း စစ်ဆင်ရေးမှူးက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်တွေ လက်ခတ်တောင် ဘုရားကုန်းပေါ် စိုးမိုးထားချိန်တုန်းက   မြဝတီမြို့ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေနဲ့ တောင်ယာလုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ခတ်တောင် ဘုရားကုန်းကို စစ်ကောင်စီတပ်တွေ ပြန်လည်ရယူမှာကို ဒေသခံတွေ စိုးရိမ်နေတဲ့အပြင် စစ်ကောင်စီတပ်တွေရှိရင် ဒေသခံတွေအတွက် လုံခြုံမှုမရှိဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေ စခန်းကုန်း သိမ်းပိုက်ရရှိပြီးနောက်  စစ်ကောင်စီက ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက် ည ၇ နာရီဝန်းကျင်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ Drop ဗုံး လေးလုံး ပစ်ခတ်ခံရပြီး ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦး သေဆုံးကာ ခရိုင်ရဲမှူးကြီး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး မြဝတီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ  စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ မိမိတို့သက်ဆိုင်ရာဌာနရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာဖယ်ရှားပေးထားကြဖို့ Federal Wings အဖွဲ့က သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းတွေ ခွင့်ယူတာ၊ မိသားစုလိုက် ပြောင်းရွှေ့တာတွေ ဒီကနေ့အထိ‌ ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

ကေအန်ယူနယ်မြေ ကျောက်ကြီးနဲ့ မုန်းဒေသမှာလည်း လော်မူသောကျေးရွာအတွင်းနဲ့ ဘုရားလေးကုန်း ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၅ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါဗုံးကြဲမှုကြောင့် နေအိမ် ၁ လုံးနဲ့ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တဲ့အပြင် ဒေသခံတွေနဲ့အတူ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ ပြည်သူတွေ အပါအဝင် ၇၀၀ နီးပါးဟာ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။

အလားတူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ သံတောင်မြို့ (၁၃ မိုင်) အနီးက ပျားစခန်းကျေးရွာ အတွင်းကို စက်တင်ဘာ ၅ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကလေးငယ်တဦးနဲ့ အမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပါတယ်။

တပ်မဟာ ၂ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ သံတောင် ငြိမ်းချမ်းရေး ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး အင်အားဖြည့်တင်းနေတယ်လို့ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက်က တပ်မဟာ ၅ နယ်မြေ ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်မှာ စစ်ကောင်စီ ပူးပေါင်းတပ်နဲ့ နယ်မြေခံ KNLA တပ်တို့ တရက်တည်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့် (BGF) တပ်ဘက်က အထိနာခဲ့တာကြောင့် ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲတိုင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကို ပိုအားကိုးလာတယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေထဲက တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ခွာထွက်ပြေးနေရပြီး မိုးကာလ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ သိန်းအထိ ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024