
ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ ပါဟဲ့ကျေးရွာအုပ်စု၊ ရာထကျေးရွာကို အောက်တိုဘာ ၂၇ ရက် ည ၁၂ နာရီမှာ စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံလွင်မြစ်ကမ်းဘေးက ရာထကျေးရွာရဲ့ ရွာတွင်း၊ ရွာပြင်နဲ့ သံလွင်မြစ်ဘေး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၅ လုံးနဲ့ သံလွင်မြစ်ကမ်းဘေးက ဝါးဖောင်တဲတလုံး၊ စက်လှေတစင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာသံလွင်မြစ်နံဘေးရှိ မယ်နုထာကျေးရွာကို စစ်တပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတွေဟာ တိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “နေရာအသီးသီးနဲ့ ဒေသတခုလုံးကို ပစ်နေတာ။ သံလွင်ကမ်းနားမှာ ပစ်တဲ့ညက တခြားနေရာ အတွင်းဘက်မှာလည်း တပြိုင်တည်း တရက်တည်း တချိန်တည်းမှာ လိုက်ပစ်တာရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး ၅ လကျော်ကြာလာတဲ့အထိ ဖာပွန်မြို့နဲ့ မိုင် ၂၀ လောက်သာ လိုတော့တဲ့ (ထီးချောင်းမဲ) ဆင်စွယ်ကျေးရွာအနီးတဝိုက်ကိုပဲ ရောက်ရှိပါသေးတယ်။
တဖက်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေတယ် လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။











